
အစိုးရသစ် စတင်တာဝန်ယူအပြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်နိုင်ငံခရီးစဉ်အပြီးတွင်
ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကူညီထောက်ပံ့မှုများ၊ အတိုးနှုန်းသက်သာသော ချေးငွေများ၊ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုများ အပါအဝင် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံတွင် ရန်ကုန်-သန်လျင် တံတားသစ်တည်ဆောက်ခြင်း၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သော အခြေခံအဆောက် အအုံများကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို အစိုးရသစ်သက်တမ်း ငါးနှစ်အတွင်း ပေးအပ်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ သိရသည်။
၂ဝ၁ဝ ရွေးကောက်ပွဲအလွန် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဂျပန်နိုင်ငံမှ ပြန်လည်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လာရာတွင် လက်ရှိအစိုးရသစ် စတင်တာဝန်ယူပြီးနောက်ပိုင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြီးခဲ့သည့် ဂျပန်နိုင်ငံ ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံသဘောတူညီချက်အရ ဖွံ့ဖြိုးရေးအကူအညီများ၊ ပြန်လည်ပေးဆပ်ရန်မလိုသည့် ထောက်ပံ့ကူညီမှုများ၊ အတိုးနှုန်းအထူးသက်သာသော ချေးငွေများ၊ နည်းပညာပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ဂျပန်နိုင်ငံ အစိုးရပိုင်းသာမက ပုဂ္ဂလိကကဏ္ဍမှလည်း မြန်မာနိုင်ငံသို့ ပူးပေါင်းကူညီဆောင်ရွက်မှုများ ပိုမိုအားကောင်းလာခဲ့ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA (Myanmar) ၏ Chief Representative Mr.Keiichiro Nakazawa က ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံမှုများနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့် JICA (Myanmar) ရုံးတွင် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းသို့ ပံ့ပိုးကူညီဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် ကဏ္ဍများအပေါ်မူတည်၍ ပြန်လည်ပေးဆပ်ရန်မလိုသော Grant Aid အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခြင်း၊ အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် နှစ်ရှည်ပေးဆပ်နိုင်သောချေးငွေဖြင့် ဆောင်ရွက်ပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် ကူညီဆောင်ရွက်သွားမည်ဟု သိရသည်။
ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီဆောင်ရွက်မှုတွင် မြန်မာနိုင်ငံအကျိုးရရှိစေမည့်အပြင် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များအပါအဝင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရန် အဓိကလိုအပ်နေသည့် ကဏ္ဍများကို ပံ့ပိုးဆောင်ရွက် ပေးနေခြင်းဖြစ်ပြီး အစိုးရဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကြိုတင်ပြင်ဆင်ကမ်းလှမ်းမှုများ ဆောင်ရွက်ပါက ပိုမိုမြန်ဆန်အောင်မြင်နိုင်မည်ဟုလည်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့ပြစီမံကိန်း ရေးဆွဲမှုများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
''ဂျပန်နိုင်ငံက ပေးအပ်မယ့် ဒေါ်လာ ရှစ်ဘီလီယံမှာ Grant Aid ပါမယ်။ Loan တွေပါမယ်။ နည်းပညာ ပံ့ပိုးကူညီမှုတွေ ပါပါမယ်။ သန်လျင်တံတားသစ် တည်ဆောက်ရေး၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပါဝင်ပါမယ်။ သန်လျင်တံတားသစ်တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၈ဝ လောက်ကို ဂျပန်နိုင်ငံ JICA က ထောက်ပံ့ပေးအပ်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။ စနစ်တကျ လေ့လာသုံးသပ်မှုတွေ၊ တွက်ချက်မှုတွေလုပ်ပြီး ဘယ်နေရာမှာ တည်ဆောက်မလဲ၊ တင်ဒါခေါ်ပြီး ဆောင်ရွက်တဲ့အခါ ဒီပမာဏထက်လည်း နည်းသွားနိုင်တာလည်း ရှိပါတယ်။ တံတားသစ်ကိုတော့ လက်ရှိတံတား ဟောင်းအနီးမှာပဲ တည်ဆောက်ဖို့များပါတယ်။ ကူညီ ထောက်ပံ့မှုတွေ လုပ်တဲ့အခါ ရော့၊အင့်ဆိုတာမျိုးမဟုတ်ဘဲ တည်ဆောက်ရေးလုပ်ငန်းအလိုက်၊ ကဏ္ဍအလိုက်ကို တစ်ဆင့်ခြင်း လုပ်ငန်းပြီးသွားတဲ့အပေါ်မှာ မူတည်ပြီး ပေးအပ်သွားတာ ဖြစ်ပါတယ်''ဟု JICA (Myanmar) ၏ Chief Representative Mr.Keiichiro Nakazawa က ရှင်းလင်းပြောကြားခဲ့သည်။
Credit To >>> The Mirror Daily
No comments:
Post a Comment