ရုရှားနိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသအနီးတွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)က စစ်ရေးတည်ဆောက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အက်စ်-၄ဝဝ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်သော အစ်ခန်ဒါ ဒုံးကျည်များကို ကာလီနင်ဂရက်ဒေသ၌ ဖြန့်ကြက်မည်ဖြစ်ကြောင်း အစိုးရလိုလားသော ဝါရင့်အမတ်တစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။
ကာလီနင်ဂရက်ဒေသ၌ အစ်ခန်ဒါ ဒုံးကျည်များကို အခါအားလျော်စွာ ပေးပို့ခဲ့သည်ဟု ရုရှားအစိုးရက ယခင်က ပြောကြားခဲ့သည်။ ဒုံးကျည်များ ပေးပို့ခြင်းမှာ ပုံမှန်စစ်ရေးလေ့ကျင့်မှုအရ ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် ကာလီနင်ဂရက်ဒေသသို့ ဒုံးကျည်များ ပေးပို့ခြင်းနှင့် ရုရှားနိုင်ငံ၏ အနောက်ဘက်နယ်စပ်ဒေသအနီး နေတိုး၏ စစ်ရေးတည်ဆောက်ခြင်းတို့ ဆက်နွှယ်မှု ရှိ၊မရှိ အစိုးရ အဖွဲ့က အသေးစိတ်ပြောကြားခြင်း မရှိပေ။
ရုရှားနိုင်ငံသည် အရှေ့ဥရောပဒေသ၌ စစ်ရေးအရ အင်အားပြမှု ပိုမိုဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု၌ သမ္မတအဖြစ် ဒေါ်နယ်ထရန့် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီးနောက် နိုင်ငံရေးလေ့လာသူများက ပြောကြားကြသည်။ ဒေါ်နယ်ထရန့် သည် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်လိုသည်ဟု ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ပြောကြားခဲ့သည်။
အရှေ့ဥရောပ၌ အမေရိကန်က ဒုံးကျည်ကာကွယ်ရေးဒိုင်းလွှား ဖြန့်ကြက်ရန် စီစဉ်နေခြင်းအတွက် ရုရှားနိုင်ငံက တုံ့ပြန်ရန်လိုအပ်ကြောင်း ရုရှားအထက်လွှတ်တော် ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ဗစ်အိုဇာရော့ဗ် က ပြောကြားသည်။
Credit To >>> The Mirror Daily
No comments:
Post a Comment