
အဆောက်အအုံဆိုင်ရာ မူဝါဒအသစ်များ ထွက်ပေါ်မည် ဖြစ်သောကြောင့် သုံးထပ်နှင့်အထက် ကန်ထရိုက်တိုက်များအား ဆောက်လုပ်ခွင့်အမှုတွဲ လက်ခံခြင်းအား ပြီးခဲ့သည့် ဇူလိုင်လကတည်း ရပ်ဆိုင်းထားခဲ့ ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုထိ အဆောက် အအုံဆိုင်ရာ မူဝါဒအသစ်များ မပြီးစီးသေး သောကြောင့် သုံးထပ်နှင့်အထက် ကန်ထရိုက် တိုက်ဆောက်လုပ်ခွင့်များအား နိုဝင်ဘာ ၁၆ ရက်မှစတင်၍ ပြန်လည်လက်ခံခြင်းဖြစ် ကြောင်း သိရသည်။
ပြန်လည်လက်ခံခဲ့သည့် နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဆောက်လုပ်ခွင့် တင်ပြလာသည့် သုံးထပ်နှင့်အထက် ကန်ထရိုက်တိုက် အလုံးရေ ၁၀၂ လုံး ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
"နိုဝင်ဘာ ၃၀ ရက်အထိ ဆောက်ခွင့် တင်ပြလာတဲ့ သုံးထပ်နှင့်အထက် ကန်ထရိုက်တိုက် ၁၀၂ လုံးရှိပါတယ်။ အဲဒီထဲမှာ ခွင့်ပြုလိုက်တာ အလုံး ၇၀ ပါ" ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သုံးထပ်နှင့်အထက် ကန်ထရိုက်တိုက်များသည် ရန်ကုန်မြို့တွင် ဆောက်လုပ်ခွင့် များပြားသည့် တိုက်များဖြစ်ပြီး ၎င်းတို့ကို ဆောက်လုပ်ခွင့်ပြုမှု ရပ်နားထားခဲ့ခြင်းကြောင့် ရန်ကုန်မြို့တွင် အဆောက်အအုံ ဆောက်လုပ်မှုများ ပြီးခဲ့သည့် အောက်တိုဘာလအထိ လျော့နည်းခဲ့ပြီး ပုံမှန်အားဖြင့် တစ်လလျှင် အဆောက်အအုံ အလုံးရေ ၄၀၀ နှင့် ၅၀၀ ကြား ခွင့်ပြုခဲ့ရာမှ ယခုနှစ်တွင် ၂၀၀ ကျော်၊ ၃၀၀ ကျော်အထိ သိသိသာသာ လျော့ကျခဲ့ရကြောင်း သိရသည်။
"သုံးထပ်နှင့်အထက် ကန်ထရိုက်တိုက်တွေ ဆောက်ခွင့်ရပ်နားခဲ့တော့ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှုတွေလည်း လျော့ကျခဲ့တာပါ" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့တွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုသည့် အရေအတွက် အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ၂၃၉ လုံး၊ သြဂုတ်လ အတွင်းက ၃၈၆ လုံး၊ စက်တင်ဘာ လအတွင်းက ၂၃၂ လုံးနှင့် အောက်တိုဘာ လအတွင်းက ၂၇၈ လုံးဖြင့် ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းကြောင်း သိရသည်။
ရန်ကုန်မြို့၏ ဆောက်လုပ်ရေး ဈေးကွက်မှာ မေလအတွင်းက အထပ်မြင့်အဆောက်အအုံ ၂၀၀ နီးပါးကို ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ခြင်းကြောင့် ကျဆင်းလုနီးပါး အခြေအနေ ဖြစ်ခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။
Credit To >>> Eleven Media Group
No comments:
Post a Comment