Pages

8.12.16

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၇၆ ကျပ်အထိ ထပ်မံမြင့်တက်လာပြီး သမိုင်းတစ်လျှောက် စံချိန်တင်ဈေးနှုန်းသို့ ရောက်ရှိ

၂၀၁၇ ခုနှစ်အတွက် သတ်မှတ်သော ကားတင်သွင်းခွင့် မူဝါဒကြောင့် ဒီဇင်ဘာ ၂၃ ရက်အမီ ၂၀၁၆ သတ်မှတ်ချက်ဖြင့် ကားတင်သွင်း ၀ယ်ယူလိုသူများ လာသည့်အတွက် ဒီဇင်ဘာ ၇ ရက်တွင် ဒေါ်လာဈေးခုန်တက်ပြီး ၁၃၇၆ ကျပ်အထိ သမိုင်းတစ်လျှောက် စံချိန်တင်ဈေး ဖြစ်ပေါ်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

“မနေ့က ၁၃၆၃ ကျပ်နဲ့ ဈေးပိတ်ခဲ့တဲ့ ဒေါ်လာဈေးဟာ ဒီနေ့မနက်မှာ ၁၃၆၈ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး မွန်းလွဲ ၂ နာရီလောက်မှာ ၁၃၇၆ အထိမြင့်လာပါတယ်။ အဓိကကတော့ ကားသွင်းဖို့အတွက် ဒေါ်လာဝယ်လိုအား ခုန်တက်တာဖြစ်ပြီး တစ်ရက်တည်း ဆယ်ဂဏန်း မြင့်သွားတာ ဖြစ်ပါတယ်။ ပို့ကုန်ရငွေက ၁၃၈၅ ကျပ်အထိ မြင့်သွားပြီး အဝေးဈေးလည်း တန်းတူတက်လာပါတယ်”ဟု ဗိုလ်အောင်ကျော်လမ်း အခြေစိုက် နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။


၂၀၁၇ ခုနှစ် ကားတင်သွင်းခွင့် မူဝါဒတွင် မော်ဒယ်ခုနှစ် ကွာဟမှုများမှုကြောင့် မော်ဒယ်နိမ့် ၂၀၀၆ မှ ၂၀၀၉ ကြား ကားများဝယ်ယူလိုသူများသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မတိုင်မီ ကားဟောင်း စလစ်ထုတ်ပြီး ပါမစ်လျှောက်ထားရမည် ဖြစ်သည်။ ထို့အတူ လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်ဖြင့် (ဖရီးပါမစ်) ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားသူများလည်း ၂၀၁၆ သတ်မှတ်ချက်ဖြစ်သော ၂၀၁၁ မှ ၂၀၁၄ မိုဒယ်များကို ၀ယ်ယူလိုပါက ဒီဇင်ဘာ ၂၃ ရက်အထိသာ လျှောက်ထားခွင့်ရမည် ဖြစ်သောကြောင့် ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက် မြင့်မားလာခြင်းဖြစ်သည်။

“လက်ရှိအနေအထားက ဒေါ်လာဈေးကတော့ ဆက်တက်သွားတာပေါ့။ ဘာလို့လဲဆိုတော့ လောလောဆယ် မော်တော်ကား လိုင်စင်လျှောက်တဲ့သူတွေလည်း များလာတာကြောင့် တစ်ဖက်မှာလည်း နိုင်ငံခြားငွေ လိုအပ်ချက် များနေပါတယ်။ ဒေါ်လာဈေး အဲဒီလောက် တက်တာကတော့ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး၊ ကျွန်တော်တို့က တည်ငြိမ်တဲ့နှုန်းထားကိုပဲ သဘောကျတာပေါ့”ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်သော ကားတင်သွင်းမှုကြောင့် ဒေါ်လာဈေး မြင့်တက်မှုအပြင် ကမ္ဘာ့ဈေးကွက်တွင်လည်း ဒေါ်လာဈေး ပြန်လည် မြင့်တက်လာခြင်းကြောင့် ပြည်တွင်းနိုင်ငံခြား ငွေကြေးဈေးကွက်ကို သက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်စေမည် ဖြစ်သည်။ ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းက ကမ္ဘာ့ဈေးကွက်အတွင်း ဒေါ်လာဈေး အညွှန်းကိန်း ၉၉ ဒသမ ၉၆ ပွိုင့်အထိ ကျဆင်းခဲ့သော်လည်း အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းမြှင့်တင်မည့်ကိစ္စ ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်နိုင်ခြင်းကြောင့် ဈေးကွက် အကောင်းမြင်လာပြီး ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီအထိ ၁၀၀ ဒသမ ၅၅ ပွိုင့်အထိ ပြန်လည်မြင့်တက်ခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်ခဲ့ရာ ကိုးနှစ်အတွင်း စံချိန်တင်နှုန်းထားများအဖြစ် နိုဝင်ဘာ ၂၂ ရက်တွင် တစ်ဒေါ်လာ ၁၃၅၄ ကျပ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ၁၃၅၇ ကျပ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ၁၃၆၂ ကျပ်၊ ဒီဇင်ဘာ ၆ ရက်တွင် ၁၃၆၃ ကျပ်၊ ဒီဇင်ဘာ ၇ ရက်တွင် တစ်ရက်အတွင်း ကျပ်ဆယ်ဂဏန်း ထပ်မံမြင့်တက်ခဲ့ပြီး ၁၃၇၆ ကျပ်အထိ သမိုင်းတစ်လျှောက် စံချိန်တင်ဈေးနှုန်းအဖြစ် ရောက်ရှိခဲ့သည်။

လက်ရှိအစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအစိုးရလက်ထက် အနိမ့်ဆုံးဒေါ်လာ ဈေးနှုန်းမှာ ၁၁၅၃ ကျပ် (ဧပြီ ၂၄ ရက်) ဖြစ်သည်။ အဆိုပါအနိမ့်ဆုံး နိုင်ငံခြားငွေလဲနှုန်းနှင့် လက်ရှိဖြစ်ပေါ်သော ဒေါ်လာဈေးနှုန်းကို နှိုင်းယှဉ်ပါက ၂၂၃ ကျပ်အထိ မြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းငွေကြေး ဈေးကွက်အတွင်း သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းမှာ ကျပ် ၁၃၇၀ (၂၀၀၇ ခုနှစ် အောက်တိုဘာ ၉ ရက်) ဖြစ်ပြီး ယခုအခါ အဆိုပါနှုန်းကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

No comments:

Post a Comment