Pages

24.1.17

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီမှ နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းအတွက် ဒေါ်လာသန်း ၄၀ ကျော် မြှုပ်နှံမည်ဟု သိရ

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီဖြစ်လာရန် အရွေးချယ်ခံထားရသည့် ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက် အနေဖြင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ၀င်ငွေခွန်အဖြစ် ကျပ်သိန်းပေါင်း ၅၀၀၀ ခန့် ပေးဆောင်ထားပြီး လက်ရှိတွင် နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းအတွက် ဒေါ်လာသန်း ၄၀ ကျော်မြှုပ်နှံရန် လုပ်ဆောင်နေကြောင်း ကုမ္ပဏီ၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်တွင် အခွန်နှုတ်ပြီး အသားတင်အမြတ် ကျပ်သိန်းပေါင်း ၈၉၉၁ အထိရှိခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်သိန်းပေါင်း ၂၂၂၁ နှင့် ၀င်ငွေခွန်အဖြစ် ကျပ်သိန်းပေါင်း ၂၇၃၇ အထိ ပေးဆောင်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ စယ်လန့်ကျေးရွာအုပ်စုရှိ မန်းဟန်ကျေးရွာဟောင်းအနီးရှိ နမ့်ပေါ်ချောင်းတွင် လုပ်ဆောင်မည့် ရေအားလျှပ်စစ်စီမံကိန်းတွင် တပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၂၀ ရှိမည်ဖြစ်ပြီး တမံအမြင့် ၅၄ မီတာရှိမည် ဖြစ်ကာ တည်ဆောက်ရေးကာလမှာ ၃၆ လ ဖြစ်ပြီး လက်ရှိတွင် ငါးရာခိုင်နှုန်းခန့် လုပ်ဆောင်ထားပြီးဖြစ်သည်။ နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်းအတွက် အကြိုဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုကို တရုတ်နိုင်ငံ ကူမင်း အင်ဂျင်နီးယားရင်း ကုမ္ပဏီလီမိတတ်နှင့် အကြိုစူး စမ်းလေ့လာမှုပြုခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ရှမ်းပြည်နယ် အစိုးရနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ခဲ့သည်။ ထိုသို့ ရေးထိုးပြီးနောက် တမံဧရိယာအတွင်း ကျရောက်နေသည့် စိုက်ပျိုးမြေများအတွက် ခရိုင်မြေယာလျော်ကြေး စိစစ်ရေးအဖွဲ့နှင့်  မြို့နယ်မြေယာ တိုင်းတာစိစစ်ရေးအဖွဲ့တို့မှ ကုမ္ပဏီနှင့် စိုက်ပျိုးတောင်သူများ အကြား ညှိနှိုင်း ဆောင်ရွက်ပေးမှုဖြင့် ကျပ်သိန်းပေါင်း လေးထောင်ကျော် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီလီမိတက်အနေဖြင့် ကုမ္ပဏီစတင် တည်ထောင်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်ကုန်အထိ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ ဆောင်ရွက်ခဲ့သည့် ပင်မကန်ထရိုက်လုပ်ငန်းများဖြစ်သော နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်သည့် မူဆယ်ဗဟို စီးပွားရေးဇုန်စီမံကိန်း၏ အခြေခံ အဆောက်အအုံလုပ်ငန်းများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နန်းတော်ဂိတ် လူဝင်မှု ကြီးကြပ်စစ်ဆေးရေးစခန်း၊ မိဂဒါ မဟာစေတီတော်စီမံကိန်း၊  အရှေ့မြောက်တံခါး ကုမ္ပဏီလီမိတက်၏ ၁၀၅ မိုင် သစ်သီးဝလံ ရောင်းချကွင်း တိုးချဲ့ရေး စီမံကိန်း၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၊ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်သည့် တပ်ဆင်စက်အင်အား ၁၀၅၀ မဂ္ဂါဝပ်ရှိ ရွှေလီ-၃ ရေအားလျှပ်စစ်စီမံကိန်း၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ရေလွှဲ ရေထုတ်ပြွန် သံကူ ကွန်ကရစ် သွန်းလောင်းခြင်း လုပ်ငန်းနှင့် မူဆယ်မြို့အတွင်း လူနေအိမ် အဆာက်အအုံတည်ဆောက်ခြင်း လုပ်ငန်း စသည့် ပင်မကန်ထရိုက် လုပ်ငန်းများမှ အကျိုးအမြတ်များစွာ ရခဲ့သည်ဟု ကုမ္ပဏီ၏အုပ်ချုပ်မှု ဒါရိုက်တာ စိုင်းအုန်းမြင့်၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
Credit To >>> Eleven Media Group

No comments:

Post a Comment