
ရန်ကုန် အိမ်ခြံမြေဈေးကွက်သည် ၂ နှစ်ကျော်အတွင်း အရောင်းအဝယ် အေးစက်ခဲ့ပြီးနောက် ၂၀၁၆ နှစ်ကုန်တွင် အရောင်းအဝယ်အချို့ ပြန်ရှိလာသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။
မြေတန်ဖိုး ကျပ်သိန်းလေးထောင်မှ ငါးထောင်ကြားရှိသည့် တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း စသောမြို့နယ်များမှ အိမ်မြေအချို့ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်သည်ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ဦးသန်းဦးက ပြောသည်။
လက်ရှိ အိမ်ခြံမြေအရောင်း အဝယ်များသည် မူလ ခေါ်ဈေး တန်ဖိုးထက် ၂၀ မှ ၃၀ ရာခိုင်နှုန်း ကြား ဈေးနှုန်းလျှော့ချရောင်းမှသာ အရောင်းအဝယ်ဖြစ်သည်ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ယခင်က အရောင်းအဝယ်ကောင်းခဲ့သည့် ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်းတို့မှ ပါမစ်မြေကွက်များသည်လည်း အောက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဦးသန်းဦးက ပြောသည်။
၂၀၁၇ တွင် နိုင်ငံ့စီးပွားရေး အခြေအနေ အလားအလာကောင်းလာနိုင်ခြေရှိခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဝင်များလာမည့်အခြေအနေများကို မျှော်မှန်းနိုင်ခြင်းကြောင့် အိမ်ခြံမြေဈေးကွက် အနည်းငယ် ပြန်ကောင်းလာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ခန့်မှန်းနေသည်။
အိမ်ခြံမြေ ဈေးကွက်တွင် မျှော်လင့်ချက်များ ရှိလာနိုင်သော်လည်း တိုက်ခန်းဈေးကွက်မှ အစိုးရ၏တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကြောင့် လက်ရှိအခြေအနေအတိုင်း ရှိနိုင်သည်ဟု Three Friend ဆောက်လုပ်ရေးဒါရိုက်တာ ဦးကိုကိုလေးက ပြောသည်။
ရန်ကုန်မြို့မှ တန်ဖိုးနည်း အိမ်ရာသုံးခုရှိ အခန်း ၂,၂၀၀ ကျော်ကို ၂၀၁၇ နှစ်ဆန်းတွင် စတင်ရောင်းချမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။
မြေကိုယူပြီး အခန်းတည်ဆောက်မှု ပြုလုပ်မည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိတွင် ရှောင်ကြဉ်ရန်တိုက်တွန်းကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ပြုလုပ်သော ဒုတိယသမ္မတနှင့် စီးပွားရေးကဏ္ဍအလိုက် ပါဝင်နေသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
Credit To >>> 7 Day Daily
No comments:
Post a Comment