Pages

17.1.17

စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ၏ အမှတ်တံဆိပ်ကို Mytel ဟု အမည်ပေးထားပြီး ဒေါ်လာနှစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည်ဟု သိရ

စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာအတွက် အမှတ်တံဆိပ်ကို Mytel ဟု အမည်ပေးထားပြီး MNTC (Myanmar National Tele & Communications Co., Ltd) အနေဖြင့် ဒေါ်လာနှစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၁၄ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် MNTC ၏ သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။ MNTC အနေဖြင့် ဇန်န၀ါရီ ၁၂ ရက်က နေပြည်တော်တွင် ဆက်သွယ်ရေးလိုင်စင် ရယူခဲ့ပြီး ပထမဆုံးသော သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ ၁၄ ရက်က ရန်ကုန်မြို့ရှိ Melia Yangon ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

My မှာ Myanmar ကို ရည်ညွှန်းပြီး Tel မှာ Telecom ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရသည်။ စစချင်း တစ်နှစ်တာအတွင်း ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏကို ခန့်မှန်းပြောဆိုရန် ခက်ခဲသော်လည်း ရေရှည်အနေဖြင့် ဒေါ်လာနှစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားကြောင်း သိရသည်။


“လက်ရှိမှာ လူတိုင်း ဖုန်းမကိုင်နိုင်ကြသေးပါဘူး။ လိုအပ်မှု ရှိနေသေးတာကြောင့် လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အများပိုင်ကုမ္ပဏီ ၁၁ ခု ပေါင်းစပ်ဖွဲ့စည်းခဲ့တဲ့ MNTH ကို ၂၀၁၅ စက်တင်ဘာမှာ စတင်ဖွဲ့စည်းခဲ့တယ်။ ၂၀၁၆ ဖေဖော်ဝါရီ ၂၅ ရက်မှာတော့ အစိုးရကနေ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ Star High ကို ရွေးချယ် သတ်မှတ်ပေးခဲ့တယ်။ ပေါင်းဖက်လုပ်ကိုင်မယ့် နိုင်ငံခြားကုမ္ပဏီ ရွေးချယ်တာကိုတော့ ၂၀၁၆ မတ် ၁၈ ရက်မှာ တင်ဒါပိတ်သိမ်းပြီး ရွေးချယ်ခဲ့ပါတယ်။ ရှိသင့်တဲ့ ရမှတ်ထက် ကျော်လွန်ပြီး ကောင်းမွန်စွာ အောင်မြင်ခဲ့တဲ့ Viettel ကုမ္ပဏီကို မတ် ၂၅ ရက်မှာ ရွေးချယ် အတည်ပြုနိုင်ခဲ့တယ်။ ကျေးလက်ဒေသတွေအထိ ၀န်ဆောင်မှုပေးနိုင်အောင်၊ အဆင့်မြင့်နည်းပညာတွေ ပေးနိုင်အောင်၊ ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်အောင်၊ ဒစ်ဂျစ်တယ်ကွာဟမှု နည်းပါးသွားအောင် စတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ရည်မှန်းချက်တွေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု MNTC ၏ ဥက္ကဋ္ဌ ဦးခင်မောင်စိုး က ဇန်န၀ါရီ ၁၄ ရက်တွင် ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းလောက်က ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒါကို အာရုံစိုက်ပြီး အဓိကထား ဆောင်ရွက်သွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒေတာသုံးစွဲမှုက ထင်ထားတာထက် ပိုသုံးစွဲကြတာ တွေ့ရပါတယ်။ အော်ပရေတာတွေက ဒါကို ဖြည့်ဆည်းရင်းနဲ့လည်း သုံးစွဲမှုက လိုက်တက်နေတာကို တွေ့ရတယ်။ ဒါကိုလည်း အခွင့်အလမ်းတစ်ခုလို့ မြင်ပါတယ်။ ၀န်ဆောင်မှု စတင်နိုင်ဖို့အတွက် တစ်နှစ်လောက် အချိန်ယူရမယ်လို့ ခန့်မှန်းထားပေမယ့် အခြေခံအဆောက်အအုံ မျှဝေသုံးစွဲခြင်းနည်းလမ်းကြောင့် ဒီထက်စောရင်လည်း စောပါမယ်။ တစ်နှစ်လောက် အချိန်ကြာဦးမှာဆိုတော့ ဈေးနှုန်းကို ကြိုပြောဖို့ခက်ပါတယ်။ သုံးခုတောင် ဈေးကျနေတာဆိုတော့ အော်ပရေတာ လေးခုဆိုရင် ဈေးက ခုထက် ပိုကျနိုင်ပါတယ်။ သုံးစွဲသူရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး 2G, 3G, 4G တွေ ပေးသွားဖို့ရှိတယ်။ 5G ပေါ်လာရင်လည်း 5G ပေးရမှာပဲ” ဟု MNTC မှ CERO ဦးဇော်မင်းဦးက ပြောကြားသည်။

၎င်းတို့၏ အင်တာနက်မြန်နှုန်းအား လက်ရှိ အော်ပရေတာများ ပေးနေသည့် မြန်နှုန်းထက် နှစ်ဆပိုမိုရန် ရည်မှန်းထားပြီး အသုံးပြုသူ တစ်ဦးချင်းစီအနေဖြင့် 3 Mbps မြန်နှုန်းရရှိနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။



Credit To >>> Eleven Media Group

No comments:

Post a Comment