'သ' အက္ခရာ ကားဟောင်းများကို ယခုနှစ် ဇွန်လအတွင်း၌ပင် အပ်နှံမှု စတင်လက်ခံ
နိုင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ
သတင်းရရှိသည်။''ဒီလထဲမှာပဲ 'သ' အက္ခရာ ကားဟောင်းတွေ အအပ်လက်ခံဖို့ များတယ်။ အခု
နောက်ပိုင်း 'လ' အက္ခရာ ကားဟောင်းတွေက သုံးလို့ ရနေတာကြောင့် အပ်တာနည်းလို့
ကားဟောင်းဈေး တက်သွားတာပါ။ မကြာခင် 'သ' အက္ခရာ ကားဟောင်းတွေ လက်ခံလိုက်ရင်
ပုံမှန်ပြန်ဖြစ် သွားမှာပါ'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန တာဝန်ရှိသူ
တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် 'လ' အက္ခရာ ကားဟောင်း အပ်နှံမှုကို လက်ခံလျက် ရှိသော်လည်း
အပ်နှံမည့်သူ လွန်စွာနည်းပါးလျက် ရှိသည့်အပြင် ကားစလစ်ဈေးနှင့် 'လ'အက္ခရာ
ကားဟောင်း ဈေးများမှာလည်း မြင့်တက်လျက် ရှိသည်ဟု သိရသည်။'လ'အက္ခရာ ကားဟောင်း တစ်စီးလျှင် ကျပ်သိန်း ၁၀၀ နီးပါးအထိ
ပေါက်ဈေးရှိနေပြီး ရောင်းချမည့်သူပင် မရှိကြောင်း၊ ကားစလစ်
ဈေးများမှာလည်း ကျပ်သိန်း ၁၀၀ ကျော် အထိ မြင့်တက်လျက် ရှိကြောင်း သိရသည်။
နယ်ဝယ်လက်များထဲ၌ အများစုမှာ အမည်ပေါက်ဖြင့် ၀ယ်ယူလိုသူ များပြားကြောင်း၊
အမည်ပေါက် လုပ်ရန်အတွက် ကားဟောင်းအပ်အား ရရှိမှသာ အဆိုပါ ကားဟောင်းအပ်ကာ
အမည်ပေါက်လုပ်၍ ရကြောင်း၊ အမည်ပေါက် လုပ်ပေးမည်ဟု ကတိပေးပြီးနောက်
ကားဟောင်း ရှာမရသည့်အတွက် ရောင်းသူနှင့် ၀ယ်သူအကြား ကတိပျက်သည့်
အနေအထားများ ရှိလာကြောင်း သိရသည်။
''နယ်ဝယ်လက်တွေထဲမှာ အများစုက နာမည်ပေါက်ပဲ ၀ယ်တာများတယ်။
အရောင်းပြခန်းတွေက ကားတွေသွင်းပြီး ကားဟောင်းပြန်ရှာ ၀ယ်နိုင်မှ
အမည်ပေါက်နဲ့ ရောင်းပေးလို့ရတာ။ အခု အမည်ပေါက် လုပ်ပေးမယ် ပြောထားပေမယ့်
ကားဟောင်း ရှာမရတော့ ကတိဖျက်သလိုဖြစ်ပြီး အခက်အခဲတွေလည်း တွေ့ကုန်တယ်'' ဟု
မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း တစ်ဦးက
ပြောကြားသည်။
'သ' အက္ခရာ ကားဟောင်းများ အအပ် လက်ခံလိုက်ပါက ကားဟောင်းနှင့် စလစ်ဈေး
ပြန်ကျမည် ဖြစ်ကြောင်း၊ ကားဟောင်း ဈေးမှာ ပုံမှန် ကျပ် ၈၅ သိန်းဝန်းကျင်
ရှိကြောင်း၊ ထို့အတွက် 'သ' အက္ခရာ ကားဟောင်းများ အပ်နှံမှု လက်ခံပါက
ကားဟောင်းဈေးမှာ ယခုပေါက်ဈေး ဖြစ်သည့် ကျပ်သိန်း ၁၀၀ နီးပါးဈေးမှ
ပြန်လည် ကျဆင်းသွားမည်ဟု သိရသည်။လက်ရှိ ရန်ကုန်မြို့ ကားဈေးကွက် အတွင်း၌ နယ်ဝယ်လိုအားသာ ရှိကြောင်း၊
နယ်ဝယ်လက်များ အနေဖြင့် ရန်ကုန်ဝယ်လက် များကဲ့သို့ ၁၃၀၀ စီစီ အမျိုးအစား
ကားကိုသာ အဓိက မထားဘဲ အင်ဂျင်ပါဝါ မျိုးစုံအား ၀ယ်ယူလျက် ရှိသည်ဟု သိရသည်။
Ref:EMG
No comments:
Post a Comment