စစ်ကိုင်းဒေသကြီး ဂန့်ဂေါ-ကလေး သွယ်တန်းမည့် ၆၆ ကေဗီ မဟာ ဓာတ်အားလိုင်းကို
၂၀၁၄ ခုနှစ် တွင် အပြီး သွယ်တန်းသွားမည် ဖြစ်ကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက
ပြောကြားသည်။
“အရင်
ချင်းတောင်ဘက်ကနေ ပတ်ပြီး ဆွဲဖို့ စီစဉ်ထားပေမယ့် အခု ဂန့်ဂေါ-ကလေး
တိုက်ရိုက်ပဲ သွယ်တန်းမှာပါ။ မြို့ပြင်ကနေပတ်ပြီး စက်မှုဇုန်ဘက်မှာ
ဓာတ်အားခွဲရုံ ဆောက်ဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကလေးမြို့သို့ ရောက်ရှိစဉ် ဒေသ
ဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်သည်မှာ လျှပ်စစ်မီးဟု ပြောကြားခဲ့ကြောင်း၊
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဂန့်ဂေါ-ကလေး မဟာ ဓာတ်အားလိုင်း
ဆောင်ရွက်သွားရန်အတွက် ကျပ်သိန်း ၈၀၀ ရရှိခဲ့ရာ ကလေးမြို့နယ်အတွင်း
ရာဇဂြိုဟ် ဆည်နှင့် မဏိပူရဆည်တို့ တည်ဆောက်နေကာ မကြာမီ ပြီးစီးသွား ပါက
လျှပ်စစ်မီး အလုံအလောက် ရရှိလာမည် ဖြစ်၍ စက်မှု လုပ်ငန်းများ ပိုမို
ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်
ဦးခင်မောင်သန်းက ပြောကြားသည်။
လက်ရှိ ကလေးမြို့ လျှပ်စစ်မီး
ရရှိမှုမှာ ဇီးချောင်း ရေအားလျှပ်စစ် စက်ရုံနှင့် ဌာနဆိုင်ရာ၊ ပုဂ္ဂလိကပိုင်
ထရန်စဖော်မာ ၅၇ လုံးတို့ဖြင့် ပေးနေရကြောင်း၊ မြို့နယ်အတွင်း လျှပ်စစ်မီး
အဆင်ပြေစွာ ရရှိရေး အတွက် ပြီးခဲ့သည့် မေလနှင့် ဇူလိုင်လအတွင်းက လမ်းဘေး
ဝဲယာရှိ မီးတိုင် ၁၁၀ တိုင်ကို ကွန်ကရစ် တိုင်များဖြင့် အစားထိုး
လဲလှယ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်များ ပြုပြင်ခြင်းတို့
ဆောင်ရွက်ခဲ့ကြောင်း ကလေးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးထံမှ သိရသည်။
“လောလောဆယ်အထိတော့ ပြင်ပ အရပ်မီးကို အားကိုးနေရတုန်းပဲ။ သူက တစ်လကို
နှစ်ပေမီးချောင်း တစ်ချောင်း သုံးထောင် ပေးရတယ်။ တီဗီ ပါရင်
ငါးထောင်ပေးရတယ်။ ည ၆ နာရီ လောက်ကနေ ၁၀ နာရီလောက်ထိ ပုံမှန်လာတယ်” ဟု
ကလေးမြို့ အောင်မြေမာန် ရပ်ကွက်ရှိ အိမ်ရှင်မ တစ်ဦးက ဆိုသည်။
ကလေးမြို့နယ်အတွင်း ဂန့်ဂေါ-ကလေး သွယ်တန်းမည့် မဟာ ဓာတ်အားလိုင်း
စီမံကိန်း၊ ရာဇဂြိုဟ် ဆည်နှင့် မဏိပူရ် ဆည် စီမံကိန်းနှင့် ကလေးဝ မြို့နယ်
အတွင်းရှိ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ
စီမံကိန်းတို့မှလည်း မြို့နယ်အတွင်း လျှပ်စစ်မီးများ ပေးနိုင်ရန်
စီစဉ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment