စစ်တပ် အာဏာ သိမ်းပိုက်မှုကြောင့် မတည်မငြိမ် ဖြစ်လျက်ရှိသည့်
အီဂျစ်နိုင်ငံအနေနှင့် တိုင်းပြည် ချောက်ထဲကျလုဆဲဆဲ ဖြစ်နေသည့်
အနေအထားမျိုးမှ အမြန်ဆုံး နောက်ပြန်လှည့်ရန် အမေရိကန် ပြည်ထောင်စု က
တိုက်တွန်းလိုက်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြထား သည်။
အီဂျစ်နိုင်ငံတွင် သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူများ ဦးဆောင် သည့်
ဆန္ဒပြပွဲအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် နှိမ်နင်းခဲ့ရာ လူပေါင်း
၇၂ ဦးခန့် သေဆုံးခဲ့ပြီးနောက် အမေရိကန် အစိုးရက အထက်ပါ အတိုင်း
သတိပေးလိုက်ခြင်း ဖြစ်သည်။
လက်ရှိ အီဂျစ်၏ အခြေအနေသည် မွတ်ဆလင်
ညီနောင်များအဖွဲ့နှင့် စစ်တပ်တို့ ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခဖြစ်မှုကြောင့်
အန္တရာယ်များသည့် အခန်းကဏ္ဍထဲသို့ ဝင်ရောက်လျက်ရှိသည်။
တနင်္ဂနွေနေ့တွင် မွတ်ဆလင် ညီနောင်များအဖွဲ့ကို ထောက်ခံ သူ
ထောင်ပေါင်းများစွာသည် လုံခြုံရေး အာဏာပိုင်များက အမြန်ဆုံး လူစုခွဲရန်
ပြင်းထန်စွာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့်တိုင် မြို့တော် ကိုင်ရို
ဗလီနှင့် အနီးတစ်ဝိုက်၌ စုဝေး ဆန္ဒပြခဲ့ကြသည်။
ယင်းနေ့မတိုင်မီ
တစ်ရက်က ကိုင်ရိုတွင် ဆန္ဒပြမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး
တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၆၅ ဦး သေဆုံးကြောင်း ကျန်းမာရေး
ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
သို့သော် မွတ်ဆလင် ညီနောင်များ
အဖွဲ့က နောက်ထပ် ဒဏ်ရာ ရရှိထားသူ ၆၁ ဦး၏ အခြေအနေမှာ လွန်စွာ စိုးရိမ်စရာ
ကောင်းသည့် အနေအထားတွင် ရှိသည်ဟု ဆိုပြီး အရေးပေါ်လူနာ သယ်ယူရေး အဖွဲ့ကမူ
သေဆုံးသူ ၇၁ ဦး ရှိသည်ဟု သတင်း ထုတ်ပြန်သည်။
‘ယခုအချိန် ကာလသည်
အီဂျစ်နိုင်ငံအတွက် အရေးပါသော အချိန်ပင် ဖြစ် သည်။ သို့ဖြစ်ပါ၍ အီဂျစ်
နိုင်ငံရေး ခေါင်းဆောင်များအားလုံး အနေနှင့် တိုင်းပြည် ချောက်ထဲ ကျလုဆဲဆဲ
အခြေအနေမျိုးမှ နောက်ပြန် ဆုတ်နိုင်အောင် အရေးတကြီး ကူညီ ဆောင်ရွက်ပေးရန်
တိုက်တွန်းလိုပါ သည်’ ဟု အမေရိကန် အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်လ်က အီဂျစ် စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး အပ္ပဒဲလ် ဖာတာအယ်လ်စီထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်
စကားပြောဆိုသကဲ့သို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကလည်း
စစ်တပ် ဖွဲ့စည်းပေးထားသော အီဂျစ် အစိုးရမှ အကြီးတန်း အရာရှိ နှစ်ဦးကို
ဆက်သွယ်ကာ ‘မဟာမိတ် အီဂျစ်အတွက် လွန်စွာ စိုးရိမ် ပူပန်ကြောင်း’
ပြောကြားသည်။
လက်ရှိ အီဂျစ်နိုင်ငံ၏ အခြေအနေမှာ ထိန်းမနိုင်
သိမ်းမရ ပုံစံမျိုးဖြင့် ဖရိုဖရဲ ဖြစ်လျက်ရှိပြီး ယင်းဖြစ်ရပ်သည် ၂၀၁၁
ခုနှစ် အာဏာရှင် သမ္မတ ဟိုစနီမူဘာရက် အစိုးရကို ဖြုတ်ချသည့် လူထုဆန္ဒပြမှုကြီး
နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူများက ဆိုသည်။
The Voice Weekly
No comments:
Post a Comment