Pages

22.7.13

ပါလက်စတိုင်း အကျဉ်းသားများ လွှတ်ပေးမည်ဟု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မစတင်မီ အစ္စရေး ကြေညာ

အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည် မစတင်မီ ဖမ်းဆီး ထိန်းသိမ်းထားသော ပါလက်စတိုင်း အကျဉ်းသားများကို လွှတ်ပေးရန် အစ္စရေးတို့ဘက်က သဘောတူညီလိုက်သည်ဟု အစ္စရေး အစိုးရက သတင်း ထုတ်ပြန်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။


ထိုသို့ ဖမ်းဆီးထားသော ပါလက်စတိုင်း အကျဉ်းသားများ လွှတ်ပေးမည့် အစီအစဉ်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှုအတွက် အဆင့် တစ်ဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း ကြေညာပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် အစ္စရေးတို့က ကောင်းမွန်သော အပြုအမူကို ပြသသည့် သဘောဖြင့်သာ ပါလက်စတိုင်း အကျဉ်းသား ဦးရေကို အကန့်အသတ်ဖြင့် လွှတ်ပေးမည် ဖြစ်သည်ဟု ဆိုသည်။

“အစ္စရေးနဲ့ ပါလက်စတိုင်းအကြား တိုက်ရိုက် စေ့စပ် ဆွေးနွေး မှုတွေ ပြန်လည် စတင်နိုင်ရေးအတွက် အခြေခံ လိုအပ်တဲ့ အရေးကိစ္စတွေကို လုပ်ကိုင် ဆောင်ရွက်ပြီး ဖြစ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တွင် ပြောကြားသည်။

ထို့ပြင် ပါလက်စတိုင်း အကျဉ်းသားများ လွှတ်ပေးမည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းက “ဒါဟာ ထူးခြားပြီး ကြိုဆိုရမယ့် လုပ်ကိုင် ဆောင်ရွက်မှု အဆင့် တစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် ယခု ရက်သတ္တတစ်ပတ်အတွင်း အရှေ့အလယ်ပိုင်း ဒေသသို့ သွားရောက်ပြီး အဆိုပါ စေ့စပ် ဆွေးနွေးရေးနှင့် ပတ်သက်သော နည်းဗျူဟာကို အစ္စရေးနှင့် ပါလက်စတိုင်းတို့အား ပြောဆို ခဲ့ကြောင်း အမေရိကန် အရာရှိကြီးများနှင့် နီးစပ်သော သတင်း ရင်းမြစ်က ဆိုသည်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးကလည်း ၎င်းတို့တွင် ပါလက်စတိုင်းနှင့် စေ့စပ်ဆွေးနွေးပွဲ အမြန်ဆုံး ပြန်လည် စတင်လိုသည့် ဆန္ဒရှိနေပါကြောင်း အသိပေး ပြောကြားသည်။

“အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့မှာ ရိုးသားတဲ့ စိတ်ဓာတ်နဲ့ ကြီးမားတဲ့ ဆန္ဒ ရှိနေပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး မိုရှေးယာလမွန်က ပြော ကြားသည်။

ပါလက်စတိုင်း အကျဉ်းသားများကို စေ့စပ် ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ် ကာလအတွင်း အကန့်အသတ်ဖြင့် လွှတ်ပေးရန် အစ္စရေးတို့က စီစဉ်ထားသည်။

လက်ရှိ အနေအထားတွင် ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းများက အစ္စရေး တို့ဘက်မှ ကြေညာချက် နှင့် ဂျွန်ကယ်ရီ၏ ပြောဆိုမှုများအပေါ် များစွာ အံ့အားသင့်လျက် ရှိကြောင်း၊ ယခုနောက်ဆုံး တွေ့မြင်ရသည့် တိုးတက် ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ ဝေဖန် သုံးသပ်ရန် စော လွန်းသေးကြောင်း အခြေအနေ အကြောင်းကြောင်းကြောင့် အမည် မဖော်ပြလိုသူ ပါလက်စတိုင်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment