ဆီးရီးယားနိုင်ငံ၌ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ကို ထောက်ခံ အားပေးသူ များ
အသာစီး ရနေသည် ဟု အမေရိကန် စစ်ဘက် ထောက်လှမ်းရေး အေဂျင်စီ လက်ထောက်
ညွန်ကြားရေးမှူး ဒေးဗစ်ရှတ်က ပြောကြား သွားကြောင်း CNN သတင်း တွင်
ဖော်ပြထားသည်။
သမ္မတ
ဘာရှားအယ်လ်အာဆတ် သစ္စာခံ တပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်ရေးတွင် အယ်ကိုင်ဒါ
အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု တရားဝင် ကြေညာထားသော ဂျာဟတ် အယ်နျုဆာအဖွဲ့
ကဲ့သို့သော အစွန်းရောက် အုပ်စုများ အသာစီး ရနေကြောင်း အမေရိကန် စစ်ဘက်
ထောက်လှမ်းရေး အေဂျင်စီ လက်ထောက် ညွန်ကြားရေးမှူး ဒေးဗစ်ရှတ်က
ပြောကြားသွားသည်။
“ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ သူတို့ရဲ့ အင်အား
သိသိသာသာ တိုးပွားလာပါတယ်။ ထိရောက်မှုနဲ့ စွမ်းဆောင်ရည်တွေလည်း တက်လာပါတယ်။
ဆီးရီးယား အုပ်စိုးသူတွေနဲ့ ဟစ်ဇဘိုလာတွေကို တခြား အဖွဲ့တွေထက် သူတို့က
ပိုထိထိရောက်ရောက် ချေမှုန်းနိုင်ပါတယ်” ဟု ဒေးဗစ်က မှတ်ချက်ပြုသည်။
ဆီးရီးယား နိုင်ငံတွင်းရှိ အစွန်းရောက် အဖွဲ့များကို မထိန်းချုပ်ဘဲ ထားပါက
သဘောတရားရေးရာ ပျော့ပျောင်းသော အတိုက်အခံ အုပ်စုများကို လွှမ်းမိုးမည်ဟု
အမေရိကန်က သတိပေးထားသည်။
“စစ်ပွဲ ပြီးသွားလည်း သူတို့က
အိမ်ပြန်မှာ မဟုတ်ဘူး။ သူတို့က နေရာရဖို့ တိုက်တာ။ အဲဒီမှာ ရေရှည်
ဆက်ရှိနေမှာ” ဟု စစ်ထောက်လှမ်းရေး လက်ထောက် ညွန်မှူး ဒေးဗစ်က
ပြောကြားသွားသည်။
ဆီးရီးယားနိုင်ငံတွင်း အစွန်းရောက်
အဖွဲ့အစည်းပေါင်း ၁၂၀၀ ထိ ရှိနေသည်ဟု စုံစမ်း သိရှိထားပြီး မည်သူက လူကောင်း
မည်သူက လူဆိုးဟု ခွဲခြားနိုင်သည့် အမေရိကန်ပြည်ထောင်စု၏ စွမ်းဆောင် ရည်မှာ
အကန့်အသတ်ရှိကြောင်း ဒေးဗစ်က ပြောကြားသွားသည်။
အဆိုပါ အကြမ်းဖက် အုပ်စုများကို ပါကစ္စတန် အခြေစိုက် အယ်လ်ကေဒါ ခေါင်းဆောင်များက သဘောတရားရေးရာ ဦးဆောင်မှု ပေးနေခြင်း ဖြစ်သည်။
ထို့အပြင် ကမ္ဘာ အရပ်ရပ်ရှိ တိုက်ခိုက်ရေးသမားများ ဆီးရီးယားနိုင်ငံသို့
လာရောက် တိုက်ခိုက်လျက် ရှိကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်း ဒေသများကို အာလာဝိုက်
အမာခံဒေသအဖြစ် သမ္မတ အာဆတ်က တည်ထောင်နိုင်ခြင်းကြောင့် နိုင်ငံ တွင်းရှိ
ကျန်ဒေသများကို အတိုက်အခံများ သိမ်းပိုက်နိုင်မည့် အလားအလာ များ
ပေါ်ထွက်နေသည်။
ထို့အပြင် ဆီးရီးယား ပဋိပက္ခမှာ ဒေသတွင်းရှိ
ဂျော်ဒန်၊ အီရတ်၊ လက်ဘနွန် နိုင်ငံများသို့ စစ်မီး ကူးနိုင်ပြီး အာဆတ်
ခေတ်လွန် ဆီးရီးယား အရေးတွင် ဒေသတွင်း အစိုးရများ ပါဝင် စွက်ဖက်နိုင်သည်။
ဆီးရီးယား စစ်ပွဲတွင် အယ်လ်ကေဒါ အစွန်းရောက် တပ်ဖွဲ့များ ဝင်ရောက်
တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲ အတွေ့အကြုံများ ရရှိနိုင်ပြီး မူရင်း
နိုင်ငံများသို့ ရောက်ရှိလာချိန်တွင် လွန်စွာ အန္တရာယ်များကြောင်း အမေရိကန်
စစ်ဘက် ထောက်လှမ်းရေးက သတိပေးထားသည်။
The Voice Weekly
No comments:
Post a Comment