Pages

22.7.13

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို အလုပ်အကိုင်သစ်များ ဖန်တီးပေးခြင်းဖြင့် ကာကွယ်ရန် G-20 အဖွဲ့ဝင်များ သဘောတူ



ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ထပ်မံ မဖြစ်ပေါ်စေရန်အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အလုပ်အကိုင် အသစ်များ ဖန်တီးခြင်း လုပ်ငန်းတို့ကို အဓိက အာရုံစိုက် လုပ်ဆောင်ပြီး အသုံးစရိတ် လျှော့ချခြင်း၊ ဖြတ်တောက်ခြင်းကို မလုပ်ဆောင်ရန် G-20 အဖွဲ့ဝင်များကြား သဘော တူညီခဲ့ကြသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေးပွဲတွင် G-20 အဖွဲ့ဝင်များ ဖြစ်ကြသော စီးပွားရေးအရ ထိပ်တန်း အရောက်ဆုံး နိုင်ငံ ၂၀ မှ ဘဏ္ဍာရေး အကြီးအကဲ များသည် ကမ္ဘာ့စီးပွားရေး ကောင်းမွန်လာစေရန် ရည်ရွယ်၍ ပုံမှန် မဟုတ်သော စွန့်စားမှုများသည့် ဦးစားပေး အစီအစဉ်ကို လုပ်ဆောင်ရန် သဘော တူညီခဲ့ကြသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သော နှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ၏ ခြောက်လှန့်မှုများကြောင့် အစိုးရ အဖွဲ့များသည် အလုပ်အကိုင်သစ်များ ဖန်တီးရန်၊ ဝယ်လိုအား မြှင့်တင်ရန်နှင့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ရန်တို့ကို သဘောတူခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေး နာလန်ထမှုမှာ အထိခိုက်မခံသော မတည်မငြိမ် အနေအထားတွင် ရောက်ရှိနေပြီး အလုပ်လက်မဲ့နှုန်းမှာလည်း အချို့နိုင်ငံများ၌ အလွန်တရာ မြင့်တက်နေသည်ဟု G-20 အဖွဲ့ဝင် ဗဟိုဘဏ် ဥက္ကဋ္ဌများနှင့် ဘဏ္ဍာရေး ဝန်ကြီးများက ပြောကြားခဲ့သည်။

“ကမ္ဘာ့စီးပွားရေး အခြေအနေက အကျပ်အတည်းထဲမှာ ကျရောက်နေတုန်း ပဲ” ဟု နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏ ညွှန်ကြားရေးမှူး ခရစ္စတင်း လာဂါဒီက ပြောကြားသည်။

“G-20 အစည်းအဝေးက ဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်သစ် ဖန်တီးရေးကို ဦးစားပေး လုပ်ဆောင်ဖို့ ခိုင်ခိုင်မာမာ ချမှတ်လိုက်တဲ့အတွက် ဖွံ့ဖြိုးရေးမူနဲ့ ခြိုးခြံရေး မူကြား အငြင်းအခုံတွေ ပြီးဆုံးသွားတော့ မယ်လို့ ယူဆရပါတယ်” ဟု အမေရိကန် အကြီးတန်း ဘဏ္ဍာရေး အရာရှိ တစ်ဦးက ပြောကြားသည်။

လက်ရှိ အချိန်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့တွင် စီးပွားရေး ဦးမော့လာသည့် လက္ခဏာများ အတန်အသင့် မြင်တွေ့ လာရသော်လည်း ဥရောပ ဇုန်၏ စီးပွားရေး တိုးတက်မှုမှာမူ
နှေးကွေး လေးလံလျက် ရှိဆဲပင် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment