ဆီးရီးယားနိုင်ငံမှ ကာ့ဒ် လူမျိုးများ ခွဲထွက်ရန် အစီအစဉ်မရှိဟု ကာ့ဒ်
ခေါင်းဆောင်များက ငြင်းဆို သွားကြောင်း Xinhua သတင်း တွင် ဖော်ပြထားသည်။
ဆီးရီးယားနိုင်ငံမှ လွတ်လပ်ရေးရရန် ကာ့ဒ် လူမျိုးများက ကြိုးပမ်းနေကြောင်း
ကောလာဟလများ ထွက်ပေါ်နေသော်လည်း ယင်းသတင်းကို အတိုက်အခံ ဒီမိုကရက်တစ်
ပြည်ထောင်စု ပါတီမှ အရာရှိကြီး တစ်ဦးဖြစ်သူ ဆာလစ် မူဆလင်က
ငြင်းဆိုသွားသည်။
နိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ် လူမျိုးများ
စစ်ဘေးဒဏ်မှ သက်သာရာရရေး ကူညီကယ်ဆယ်ရေး အစီအစဉ်များကိုသာ
လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသွားသည်။
ဆီးရီးယားနိုင်ငံမှ ကာ့ဒ်
လူမျိုးများ ခွဲထွက်ရန် အစီအစဉ် မရှိသလို ကိုယ်ပိုင် အစိုးရ တည်ထောင်ရန်
လည်း အစီအစဉ် မရှိကြောင်း ဆာလစ် မွတ်ဆလင် က အတည်ပြု ပြောကြားသွားသည်။
နိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ လျော့ပါးမှု မရှိခြင်းကြောင့်
အနောက်ဘက် ကာ့ဒစ္စတန် ဒေသတွင်း ကိုယ်ပိုင် အစိုးရ ဖွဲ့စည်းရန် စီစဉ်နေသည်ဟု
ဆာလစ် မွတ်ဆလင်က ပြောကြားသွား ကြောင်း ပြီးခဲ့သည့် စနေနေ့တွင်း
ကာတာအခြေစိုက် Al Jazeera သတင်းဌာနက ထုတ်ပြန် သွားသည်။
အဆိုပါ အစိုးရအဖွဲ့ကို ယာယီသာ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပဋိပက္ခများ ပြီးဆုံးပါက ပြန်လည် ဖျက်သိမ်းမည်ဟု သတင်းတွင် ဖော်ပြထားသည်။
အနောက်ဘက် ကာ့ဒစ္စတန်ဒေသကို ဆီးရီးယား ကာ့ဒစ္စတန်ဒေသဟု လည်း ခေါ်ဝေါ်ပြီး
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ် လူမျိုးများကို ရည်ညွှန်းခြင်း
ဖြစ်သည်။
အဆိုပါဒေသရှိ ဆီးရီးယား တပ်ဖွဲ့ဝင်များကို ၂၀၁၂
ခုနှစ်တွင် ရုပ်သိမ်း သွားခြင်းကြောင့် ကာ့ဒ်ဒေသတွင်း လွတ်လပ်မှု အတိုင်းအတာ
တစ်ရပ်ထိ ရရှိခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့် လများအတွင်း
ကာ့ဒ် လူမျိုးများနှင့် လက်နက်ကိုင် ဆီးရီးယား အတိုက်အခံ အဖွဲ့များကြား
တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အတိုက်အခံ အဖွဲ့ အတွင်းရှိ နိုင်ငံခြားသား
တိုက်ခိုက်ရေးသမားများကို ကာ့ဒ်တို့က ပစ်မှတ်ထားခဲ့ကြောင်း Xinhua
သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ကာ့ဒ် ပြည်သူ့ စစ်များနှင့်
အတိုက်အခံများကြား တိုက်ခိုက်မှုများ ဆီးရီးယား ပြည်နယ်များ အတွင်း
ပျံ့နှံ့နေပြီး နိုင်ငံ မြောက်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေကြောင်း
Reuter သတင်းတွင် သုံးသပ်ထားသည်။
ဆီးရီးယား အာဏာရှင် သမ္မတ ဘာရှား
အယ်လ်အာဆတ်ကို ရာထူးမှ ဖြုတ် ချရုံဖြင့် ပဋိပက္ခများကို ရပ်တန့်နိုင်မည်
မဟုတ်ဘဲ ဒေသဆိုင်ရာ အုပ်စုကွဲ များကြား တိုက်ခိုက်မှုများအဖြစ် ကူးပြောင်း
ရောက်ရှိနေသည်ကို လက်ရှိ ဖြစ်ပွားနေသော တိုက်ခိုက်မှုများက ဖော်ပြနေကြောင်း
Reuter သတင်း တွင် ဖော်ပြထားသည်။
The Voice Weekly
No comments:
Post a Comment