Pages

30.7.13

အီတလီ အဝေးပြေးယာဉ် တိမ်းမှောက်မှု ၃၈ ဦး သေဆုံး

အီတလီနိုင်ငံ တောင်ပိုင်းတွင် ဘုရားဖူးများကို သယ်ဆောင်လာသော အဝေးပြေးယာဉ် တစ်စီး လမ်းချော်ကျ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အနည်းဆုံး ၃၈ ဦး သေဆုံးသွားကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်သူများကို ကိုးကားလျက် AFP သတင်း တစ်ရပ်က ဖော်ပြထား သည်။


အီတလီနိုင်ငံ တောင်ပိုင်း အေဗယ်လီနိုမြို့ အနီးတွင် ဖြစ်ပွားခဲ့သော ဖော်ပြပါ မတော်တဆမှုကြောင့် သေဆုံးသူများကို အပျက်အစီးများအောက်မှ ကယ်ဆယ်ရေး လုပ်သားများက ဆွဲထုတ်ခဲ့ကြရသည်။

ပေတစ်ရာခန့် အမြင့်မှ ထိုးကျသောကြောင့် ယာဉ်တိမ်းမှောက်မှုမှာ ပြင်းထန် ခဲ့ပြီး လူ၁၁ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကယ်ဆယ်ရေး တပ်ဖွဲ့များက အတည်ပြုထားသည်။

အသက်ရှင် ကျန်ရစ်သူများကို မီးသတ်သမားများက ကယ်ဆယ်သည့် လုပ်ငန်းများကို ဓာတ်ပုံ သတင်းထောက်များက မှတ်တမ်း တင်ခဲ့ကြပြီး သေဆုံးသည့် ရုပ်အလောင်းများကို လမ်းဘေးတွင် အဖြူရောင် အစများဖြင့် အုပ်ထားသည့် ဓာတ်ပုံများလည်း မီဒီယာများတွင် တွေ့မြင် ရသည်။

“ခုံးကျော်ပေါ်ကနေ လှမ်းကြည့်လိုက်မယ်ဆိုရင် အဖြူရောင်အစနဲ့ ဖုံးထားတဲ့ အလောင်း ၃၀ လောက်ကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု အီတလီ ပြည်တွင်း သတင်းထောက် တစ်ဦးဖြစ်သူ ဆီစာအဘက်တီက ပြောကြားသည်။

ခရီးသည်တင် ယာဉ်ပေါ်တွင် ပါလာသည့် ခရီးသည်များသည် အီတလီ တောင်ပိုင်းတွင် လူကြည်ညိုမှုများကာ သူတော်စင်ဟု လက်ခံထား ကြသည့် Saint Pio ၏ မွေးရပ်မြေ ပီယက်ထရယ်စီနာသို့ ဘုရားဖူး သွားပြီး နေပယ်စ်သို့ ပြန်လာကြသူများ ဖြစ်ကြသည်။

အဆိုပါ ဘုရားဖူးပြန် ယာဉ်ပေါ်တွင် ခရီးသည် မည်မျှ ပါဝင်သည်ကို အတိအကျ မသိရသေးဘဲ ကလေး အတော်များများ ပါဝင်သည်ဟု အီတလီ ပြည်တွင်း မီဒီယာ တစ်ခုက ဖော်ပြထားသည်။

“အခြေအနေကတော့ တော်တော်လေးကို ပြင်းထန်ပါတယ်။ များနိုင်သမျှ များများ ပြန်ကယ်နိုင်အောင် လို့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်နေကြပါတယ်”ဟု မီးသတ်တပ်ဖွဲ့ အရာရှိကြီး ပီလီဂရီနို အိုင်ယန်ဒိုလိုက ရုပ်သံလိုင်း တစ်ခုကို ပြောကြားခဲ့သည်။

ယာဉ်မောင်း အိပ်ပျော်သွားသောကြောင့် အဆိုပါ မတော်တဆမှု ဖြစ်ရခြင်းလော သို့မဟုတ် လမ်းချော်၍ ဖြစ်ရခြင်းလော ဆိုသည်ကို မျက်မြင် သက်သေများကလည်း မကွဲပြားကြပေ။

ဘရိတ် ပြဿနာကြောင့် အဆိုပါ မတော်တဆမှု ဖြစ်ရသည်ဟူ၍ ပြောဆို ကြသူများလည်းရှိသည်။ ယာဉ်မောင်းသည် ယာဉ် မတော်တဆ မှုဖြင့် သေဆုံးသွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment