ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၁ ရက်က ပြိုကျပျက်စီးခဲ့သော ရတနာသိင်္ခ
ဧရာဝတီမြစ်ကူး တံတားအား လာမည့် ဇူလိုင် ၂၄ ရက်၌ စတင်ဖွင့်လှစ်
သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး အထူးအဖွဲ့ ၃ တာဝန်ရှိသူများက ပြောကြားသည်။
၂၀၁၀ ပြည့်နှစ် ဧပြီလတွင် စတင်တည်ဆောက်ခဲ့သော ရတနာသိင်္ခ မြစ်ကူးတံတားမှာ
စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး
စဥ့်ကူးမြို့နယ်တို့ကို ဆက်သွယ် ဖောက်လုပ်ထားခြင်း ဖြစ်ပြီး
ငလျင်လှုပ်ခတ်မှုကြောင့် တစ်နှစ်နီးပါးခန့် နောက်ကျပြီးမှသာ
ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''သတ်မှတ်ချိန်အရ
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ တံတားက ပြီးစီးရမှာပါ။ ငလျင်ကြောင့်
ရှစ်လကျော်လောက် နောက်ကျသွားတယ်'' ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦးက
ပြောကြားသည်။
ရတနာသိင်္ခ တံတားမှာ အရှည် ပေ ၂၄၈၀၊ လူသွားလမ်း
အပါအ၀င် တံတားအကျယ် ၃၅ ပေရှိပြီး တရုတ်နိုင်ငံထုတ် ပစ္စည်းများဖြင့်
ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
''တရုတ်ကုမ္ပဏီ CAMCE နဲ့
ချိတ်ဆက်ပြီး ဆောက်တာပါ။ အင်ဂျင်နီယာတွေ အားလုံးကတော့ မြန်မာတွေချည်းပါပဲ''
ဟု အင်ဂျင်နီယာ ဒေါ်ခိုင်မျိုးက ဆိုသည်။
စတင်တည်ဆောက်စဉ်က
ဆောက်လုပ်ရေး အထူးအဖွဲ့ ၁၄ က တာဝန်ယူခဲ့ခြင်းဖြစ်ပြီး
ငလျင်လှုပ်ခတ်မှုကြောင့် တံတားပြိုကျ ပြီးနောက်တွင် အထူးအဖွဲ့ အမှတ် ၃ က
လွှဲပြောင်း တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ရတနာသိင်္ခ မြစ်ကူးတံတား စီမံကိန်းမှာ
သတ်မှတ်တန်ဖိုးထက် ကျပ်သန်းပေါင်းများစွာ ပိုမိုကုန်ကျနိုင်ဖွယ် ရှိနေပြီး
လက်ရှိအချိန်၌ တံတား တည်ဆောက်မှုလုပ်ငန်း ကုန်ကျစရိတ်ကို ထုတ်ပြန်နိုင်ခြင်း
မရှိသေးကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment