လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အယ်ကူဖီယာ အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀၀
ခန့် ထွက်ပြေး လွတ်မြောက်သွားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။
ထွက်ပြေး လွတ်မြောက်သွားသူ အများစုမှာ ပြစ်ဒဏ် အမျိုးမျိုးဖြင့် တရား
စွဲဆို ခံခဲ့ရသူများဖြစ်ပြီး အချို့မှာ အာဏာရှင်ဟောင်း ကဒါဖီကို ထောက်ပံ့
ခဲ့မှုဖြင့် အကျဉ်းကျခံနေရခြင်း ဖြစ်သည်ဟု လစ်ဗျား လုံခြုံရေး အရာရှိများက
AP သတင်းဌာနကို ပြောကြားသွားသည်။
အကျဉ်းထောင်တွင်း ရုန်းရင်း
ဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ထောင် အဆောက် အအုံများကို အကျဉ်းသားများက
မီးရှို့ခဲ့သလို ထောင်ပြင်ပမှ နေ၍လည်း အမည်မသိ သေနတ်သမားများက ပစ်ခတ်
တိုက်ခိုက်ခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
ယင်းသို့သော တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ထောင်ဖောက်ပြေး မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“ထောင်တွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သလို ထောင်ပြင်ကနေလည်း
တိုက်ခိုက်ခဲ့ပါတယ်” ဟု လုံခြုံရေး အရာရှိများက AFP သတင်းကို ပြောကြား
သွားသည်။
အထူး တပ်ဖွဲ့များ ရောက်ရှိလာသော်လည်း အကျဉ်းသားများထဲ
တွင် နိုင်ငံခြားသားများ ပါဝင်နေခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးခွင့်
မပြုခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
အချို့သော
အကျဉ်းသားများကို ပြန်လည် ဖမ်းဆီး ရမိခဲ့ကြောင်း ဘင်ဂါဇီမြို့
လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားသော်လည်း မည်မျှ
ပြန်လည် ဖမ်းဆီးမိကြောင်း အတိအကျ ပြောကြားခြင်း မရှိပေ။
မိမိတို့
နေအိမ်များအနီး အကျဉ်းထောင် တည်ဆောက်ထားခြင်းကို စိတ်ဆိုး ဒေါသထွက်နေသည့်
ဒေသခံများနှင့် အကျဉ်းထောင် တိုက်ခိုက်မှု ဖြစ်ရပ်ကြား အဆက်အစပ် ရှိမည်ဟု
လစ်ဗျား မီဒီယာများ က ဖော်ပြကြသော်လည်း အစိုးရ အဖွဲ့က ထောင်ဖောက်
ပြေးရခြင်း အကြောင်းရင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
ထောင်ဖောက်ပြေးသူများကို တစ်နိုင်ငံလုံးအနှံ့ ရှာဖွေသွားမည် ဖြစ်ကြောင်း၊
အီဂျစ်နိုင်ငံတွင်းသို့ ထွက်ပြေး လွတ်မြောက်ခြင်း မရှိစေရန် နယ်ခြားဒေသ
များကို ပိတ်ဆို့ထားမည် ဖြစ်ကြောင်း လစ်ဗျား သမ္မတ အလီဇေဒန်က ပြော
ကြားသွားသည်။
ဘင်ဂါဇီမြို့သည် လစ်ဗျားနိုင်ငံတွင် မတည်ငြိမ်မှုများ
အများဆုံး ဖြစ်ပွား ရာ ဒေသတစ်ခု ဖြစ်ပြီး ၂၀၁၂ ခုနစ် အတွင်းကလည်း
ဘင်ဂါဇီမြို့၌ အမေရိကန် သံအမတ်ကြီးနှင့် အမေရိကန် နိုင်ငံသား သုံးဦး
သတ်ဖြတ်ခံ ခဲ့ရသည်။
The Voice Weekly
No comments:
Post a Comment