အတိုက်အခံ သူပုန် အင်အားစုများ၏ ထိုးနှက် တိုက်ခိုက်မှု ခံနေရသော
ဆီးရီးယား အာဏာရှင် သမ္မတ ဘာရှာအာဆတ် အစိုးရအဖွဲ့ကို မမှိတ်မသုန်
ထောက်ခံအားပေးမှု ပြုလုပ်သွားမည် ဖြစ်သည် ဟု အီရန် သမ္မတသစ်အဖြစ်
ပူပူနွေးနွေး ကျမ်းသစ္စာ ကျိန်ဆိုပြီးခါစဖြစ်သူ ဟတ်ဆန် ရိုဟာနီက ထုတ်ဖော်
ပြောကြားလိုက်ကြောင်း AFP သတင်းဌာန က ရေးသား ဖော်ပြသည်။
“အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ၏ ရည်မှန်းချက်မှာ အီရန်နှင့် ဆီးရီးယား
အကြားရှိ သမိုင်းဝင် ဆက်ဆံရေးကို အင်အား ကောင်းမွန်အောင် ပြု လုပ်ရေးနှင့်
ဆီးရီးယား ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်
ဖြေရှင်းပေးရေးပင် ဖြစ်ပါသည်” ဟု အီရန် သမ္မတသစ် ဟတ်ဆန် ရိုဟာနီက
ပြောကြားသည်။
ဆီးရီးယားနိုင်ငံတွင် အစိုးရ တပ်ဖွဲ့ဝင်များနှင့်
အတိုက်အခံ သူပုန် အင်အားစု များ တောင်တန်းဒေသ တစ်ခု၌ ပြင်းထန်စွာ
အပြန်အလှန် တိုက်ခိုက်လျက် ရှိသည့် အချိန်ကာလတွင် အီရန် သမ္မတသစ်က ယင်းသို့
သုံးသပ် ပြော ဆိုခြင်းလည်း ဖြစ်သည်။
အီရန်နိုင်ငံနှင့်
ဆယ်စုနှစ်များစွာ ကြာမြင့်သည့် မဟာမိတ်နိုင်ငံ ဖြစ်သော ဆီးရီးယားနိုင်ငံကို
ကမ္ဘာပေါ်ရှိ မည်သည့် အင်အားစုကမျှ ကိုင်လှုပ်နိုင်မည် မဟုတ်ဟု ၎င်းက
ပြောကြားသည်။
လက်ရှိ အနေအထားတွင် အီရန်နိုင်ငံ၏ ကျောထောက်နောက်ခံ
ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်များသည် ဆီးရီးယားသမ္မတ ဘာရှာအာဆတ် အစိုးရ၏
တပ်ဖွဲ့ဝင်များကို သွားရောက် စစ်ကူပေးလျက် ရှိသည်။
“ဆီးရီးယားနဲ့
အီရန် နှစ်နိုင်ငံကြားက နက်ရှိုင်းပြီး မဟာဗျူဟာကျကာ သမိုင်းတွင်တဲ့
ဆက်ဆံရေးကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လို အင်အားစုကမှ ကိုင်လှုပ်နိုင်မှာ
မဟုတ်ပါဘူး” ဟု သမ္မတသစ် ဟတ်ဆန်ရို ဟာနီက ဆီးရီးယား ဝန်ကြီးချုပ်
ဝါအယ်လ်ဟာကီနှင့် ပြုလုပ်သော ဆွေးနွေးပွဲ အပြီး၌ ပြောကြား သည်။
ဆီးရီးယား ပြည်တွင်း နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေရှာရာတွင်
အမေရိကန်ပြည်ထောင်စု နှင့် အနောက် ကမ္ဘာ့နိုင်ငံများသည် ပေါ့ပေါ့ဆဆ
သဘောထားကြပြီး အလေးအနက် မရှိကြောင်း၊ ၂၈ လ ကြာမြင့် ခဲ့ပြီ ဖြစ်သော အဆိုပါ
ပြည်တွင်းရေး အကျပ်အတည်းအတွက် မိမိတို့ အစိုးရ ၏ ဖြေရှင်းမှုများနှင့်
ပတ်သက်၍လည်း စိုးရိမ် ပူပန်မိကြောင်း ဆီးရီးယား ဝန်ကြီးချုပ် ဝါအယ်လ်ဟာကီက
ဆိုထားသည်။
ဆီးရီးယားနှင့် အီရန်တို့သည် ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်
တော်လှန်ရေး ပြီးဆုံး သွားပြီးနောက် အာရပ်ကမ္ဘာတွင် အရင်းနှီးဆုံး
မဟာမိတ်များ ဖြစ်ခဲ့ကြသည်။
ဆီးရီးယား အာဏာရှင် သမ္မတ အာဆတ်ကမူ
၎င်းနှင့် ၎င်း၏ အစိုးရအပေါ် တိုက်ခိုက်လာမည့် မည်သည့် ရန်သူကိုမဆို
ချေမှုန်းသွားနိုင်မည် ဖြစ်သည် ဟု ကြုံးဝါး ပြောဆိုထားသည်။
The Voice Weekly
No comments:
Post a Comment