အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း ဘဏ္ဍာရေး တွန်းအားပေးရန် အလို့ငှာ ပြည်ပမှ
ရွှေ တင်သွင်းမှုများ လျှော့ချရေး အစိုးရက ကြိုးပမ်းလျက် ရှိသည်ဟု နယူးဒေလီမှ
လာသော သတင်းများကို VOA သတင်းဌာနက ကိုးကား ဖော်ပြသည်။
အာရှ၏ ဒုတိယ အင်အား အကြီးဆုံး အိန္ဒိယတွင် စီးပွားရေး နှေးကွေး ကျဆင်းမည့်
အလားအလာနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ ထွက်ပေါ်နေ စဉ် အစိုးရက ယင်းသို့
ပြည်ပမှ ရွှေ တင်သွင်းမှုများကို ထိန်းချုပ် လျှော့ချ သွားရန် စတင်
ကြိုးပမ်းခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသို့ ရွှေ တင်သွင်းမှုသည်
ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း (ယမန်နှစ်ကထက် စာလျှင်)
လျော့ကျသွားကြောင်း၊ ယခုနှစ်အတွင်း ရွှေ တင်သွင်းမှု စုစုပေါင်းမှာ မက်ထရစ်
တန်ချိန် ၈၄၅ တန်ထက် လျော့နည်း လိမ့်မည်ဟု မျှော်လင့်ရကြောင်း
ဘဏ္ဍာရေးဝန်ကြီး ပီချာဒါဘာရန်က ပြောကြားသည်။
အိန္ဒိယတွင် ရွှေသည်
ရေနံစိမ်း ပြီးလျှင် ဒုတိယ အများဆုံး ပြည်ပ သွင်းကုန် ဖြစ်ပြီး လတ်တလော
ကာလများ၌ ဘဏ္ဍာရေး ဝန်ကြီးဌာနက ရွှေ ဝယ်ယူမှုများကို အနီးကပ် စောင့်ကြည့်လျက်
ရှိသည်။
အကြောင်းမှာ ရွှေ တင်သွင်းမှု တစ်ခုတည်းအပေါ် အဆမတန် ငွေကြေး
သုံးစွဲခြင်းက တိုင်းပြည်၏ နိုင်ငံခြား အရန် ငွေကြေးများကို
ကုန်ခန်းစေပြီး ကုန်သွယ်ရေး လိုငွေပြမှုများ ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။
ဘဏ္ဍာရေး ဝန်ကြီးဌာနအဆိုအရ အစိုးရသည် ရွှေနှင့် ပတ်သက်၍ သင့်တင့် မျှတသော
ဝယ်လိုအား တစ်ရပ် ဖြစ်ပေါ်လာအောင် အစွမ်းကုန် ကြိုးပမ်းလျက် ရှိပြီး ရွှေ
တင်သွင်းမှုများအပေါ် အခွန် ကောက်ခံမှု နှုန်းထား အား ၄ ရာခိုင်နှုန်းမှ ၈
ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
သို့သော်
အိန္ဒိယနိုင်ငံ တစ်ဝန်း၌ ရွှေ ဟူသော သတ္တုသည် ယဉ်ကျေးမှုအရ လွန်စွာ ဆွဲဆောင်မှု
အားကောင်းသော အရာ တစ်ခု ဖြစ်ပေရာ ရွှေ ဝယ်လိုအား အဆမတန် မြင့်တက်မှုကို
လျှော့ချရန် လွယ်ကူမည် မဟုတ်ဟု စီးပွားရေး ပညာရှင်များက သံသယ ဖြစ်လျက်
ရှိသည်။
မွန်ဘိုင်း အခြေစိုက် ကမ္ဘာ့ ရွှေ ကောင်စီ၏ အကြီးအကဲဖြစ်သူ
ဆုန်ဆွမ်ဒရမ် ပါလမာဒီ က ရွှေတင်သွင်းမှု ကန့်သတ်လိုက်ခြင်းကြောင့် ရွှေ ဝယ်လက်
များ၊ ဖောက်သည်များ အနေနှင့် တရားမဝင် လမ်းကြောင်းများနှင့် ရင်ဆိုင်
ရမည့် အန္တရာယ် ရှိကြောင်း သတိပေး ပြောကြားသည်။
ထို့ပြင် ယခုနှစ်
မုတ်သုံ ရာသီအတွင်း မိုးကောင်းစွာ ရွာသွန်းမှုက ဝင်ငွေများ ကို
မြင့်တက်လာစေဖွယ် ရှိပြီး လာမည့် လများအတွင်း ရွှေ ဝယ်ယူမှုများ လည်း
မြင့်တက်လာဖွယ် ရှိကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး လုပ်ငန်း များ
ဖြစ်ထွန်းသည့် ကျေးလက်ဒေသများတွင် ဖြစ်ကြောင်း ကမ္ဘာ့ ရွှေကောင်စီက
သုံးသပ်ထားသည်။
The Voice Weekly
No comments:
Post a Comment