ယခင်စိုက်ပျိုးစရိတ် ထုတ်ပေးရာတွင် ဝိုင်းကြီးချုပ် စနစ်အရ တစ်ဦးကြွေး
မကျေလျှင် တစ်အုပ်လုံး ထုတ်မချေးသည့်စနစ်ကို လယ်သမားများ အချိန်မီ
စိုက်စရိတ်ရရှိရန် ဖြေလျှော့မှုအဖြစ် ကြွေးကျန် သူကို ချန်ထားပြီး ကြွေးကျေ
လယ်သမားကို စိုက်စရိတ် ထုတ်ချေးပေးနေပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး
လပွတ္တာမြို့နယ် လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ
ဦးအောင်အောင်က ပြောကြားသည်။
ယခင်က ဝိုင်းကြီးချုပ်စနစ်အရ ကြွေးကျန်သူရှိသည့် အုပ်စုများကို
စိုက်ပျိုးစရိတ် ထုတ်ပေးခြင်းမရှိ၍ လယ်သမား စိုက်ပျိုးပြီးမှသာ
စိုက်စရိတ်ကို နောက်ကျရရှိကြောင်း၊ ယခုကြေးကျန်သူကိုချန်ပြီး ကြွေးကျေ
သူကို ဦးစားပေးသည့်စနစ် ပြောင်းလဲပေးကြောင်း၊ လပွတ္တာဘဏ် ထုတ်ချေးငွေကို
ဇူလိုင်လက စတင်ထုတ်ပေးခဲ့ရာ ယခုသြဂုတ်လအထိ ၅၈ အုပ်စုတွင် ၅၃ အုပ်စု
ငွေထုတ်ပေးနိုင်ခဲ့ပြီး ငါးအုပ်စုသာ ကျန်ရှိတော့သည်ဟု ၎င်းကဆိုသည်။
ကျေးရွာအုပ်စု ၅၈ အုပ်စု လယ်သမား ၁၂,၃၂၈ ဦး၊ လယ်ဧက ၁၀၈,၆၆၃ ဧကကို တစ်ဧက
ကျပ်တစ်သိန်းနှုန်းဖြင့် ဘဏ်ဝန်ထမ်း ၁၅ ဦးခန့်ဖြင့် ထုတ်ပေးရသဖြင့်
စပါးစိုက်ပြီးမှ လယ်သမားလက်ဝယ် ငွေရောက်ရှိသူများ ရှိကြောင်း ၎င်းကဆိုသည်။
လပွတ္တာဒေသတွင် စိုက်ပျိုးစရိတ်ဆပ်ရန် ကျန်သူများ ရှိသကဲ့သို့ ကျေအောင်
ဆပ်သူများလည်း ရှိကြောင်း ရွာအုပ်စုတစ်အုပ်စုတွင် လယ်သမား ၃၀၀ တွင် ၂၉၉ ဦး
ဆပ်၍ကျေပြီး တစ်ဦးကျန်လျှင် ဘဏ်ကြွေးကျန် သတ်မှတ်ပြီး အချိန်မီထုတ်
ပေးနိုင်ခြင်း မရှိသည်များလည်း ရှိကြောင်း လပွတ္တာမြို့နယ် လယ်သမားသမဂ္ဂ၏
အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။
ယခင်ခေတ်က
လယ်ကြွေးကျန်သူများတွင် အုပ်ချုပ်ရေးမှူး လုပ်ခဲ့သူများက
ဆွေမျိုးသားချင်းများကို လယ်မရှိဘဲ စိုက်ပျိုးစရိတ်ရအောင် လုပ်ပေးထားသော
ဘဏ်စာအုပ်များမှလည်း ကြွေးကျန်သူ ရှိနေ၍ လယ်အမှန်တကယ် လုပ်သူများ အချိန်မမီ
စိုက်ပျိုးစရိတ် မရရှိသည့် ရွာများလည်း ရှိသည်ဟု ၎င်းကဆိုသည်။
လယ်သမားများသည် မိုးဦးကျကတည်းက လယ်စိုက်ရန်အတွက် ပြင်ပမှ ၈ ကျပ်တိုး၊ ၁၀
ကျပ်တိုးတို့ဖြင့် ချေးယူ စိုက်ပျိုးရကြောင်း၊ မိုးစပါးတစ်ဧက စိုက်စရိတ်
၈၀,၀၀၀ ခန့် ရှိသော်လည်း ကျောင်းစရိတ်၊ အိမ်မိုးစရိတ်၊
လယ်တဲမိုးစရိတ်များလည်း ရှိကြောင်း၊ ငွေချေးပြီး စိုက်ရသဖြင့် စပါးပေါ်ချိန်
ရာသီဥတုဖျက်၊ ပိုးကျ၊ ကြွက်ဖျက်လျှင် စပါးမရဘဲ ကြွေးတင်သည်သာ
အဖတ်တင်ကြောင်း လပွတ္တာ ကျူတောကျေးရွာအုပ်စုမှ လယ်သမားကြီးတစ်ဦးက
ပြောကြားသည်။
“နာဂစ်ပြီးတဲ့နှစ်က ပိုးကျတယ်။ နောက်တစ်နှစ် ကြွက်ဖျက်တယ်။ နောက် တစ်နှစ်ကျတော့ မိုးဖျက်တယ်။ သုံးနှစ်တောင်ဆိုတော့ လယ်သမား
ကြွေးလည်ပင်း ရောက်တာပေါ့” ဟု ၎င်းကဆိုသည်။
The Voice Weekly
No comments:
Post a Comment