မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေး နှစ်လအတွင်း လက်မှတ်ရေးထိုးဖွယ် ရှိကြောင်း အမေရိကန် သမ္မတဟောင်း
ဂျင်မီကာတာ ဦးဆောင်သည့် ကမ္ဘာ့ ရပ်မိရပ်ဖ အဖွဲ့က စက်တင်ဘာလ ၂၆ ရက်နေ့တွင်
ထုတ်ဖော်ပြောကြားသည်။
မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်သည့်
ခရီးစဉ်အတွင်း အမေရိကန် သမ္မတဟောင်း၊ ဖင်လန် သမ္မတဟောင်းနှင့် နော်ဝေ
ဝန်ကြီးချုပ်တို့ ပါဝင်သည့် ကမ္ဘာ့ ရပ်မိရပ်ဖအဖွဲ့က သမ္မတဦးသိန်းစိန်၊
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ
ဦးအောင်မင်းတို့ကို သီးခြားစီ တွေ့ဆုံပြီးနောက် အဆိုပါအဖွဲ့က
အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေးကို အောက်တိုဘာ၊ နိုဝင်ဘာလ အတွင်း လက်မှတ်ထိုး နိုင်မယ်လို့
ယူဆတယ်” ဟု ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီအာတီဆာရီက ဆိုသည်။
ယခုခရီးစဉ်မှာ အစိုးရ၊ လွှတ်တော်နှင့် အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ
ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ မြန်မာ့ ဒီမိုကရေစီ အနာဂတ်ကို
မေးမြန်းလေ့လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ထပ်မံလာရောက်မည် ဖြစ်ကြောင်း
၎င်းကအတည်ပြု ပြောကြားသည်။
ကမ္ဘာ့ ရပ်မိရပ်ဖအဖွဲ့နှင့်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ နေပြည်တော်၌ တွေ့ဆုံစဉ် အနာဂတ်
တပ်မတော်၏ အခန်းကဏ္ဍ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် လွှတ်တော် အသီးသီးတွင်
တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်နေမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း
သမ္မတဟောင်း ဂျင်မီကာတာက ပြောဆိုသည်။
မြန်မာနိုင်ငံတွင်
ဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခများအတွက် သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်
အသီးသီးက မေတ္တာတရားဖြင့် သည်းခံဖြေရှင်းကြရန် တိုက်တွန်းကြောင်း နော်ဝေ
ဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ်ဘရန့်တ်လန်းက တိုက်တွန်း ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အောက်တိုဘာလတွင်
လက်မှတ်ရေးထိုး နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ပြောကြားထားသော်လည်း KIO/KIA အပါအဝင် လက်နက်ကိုင်အဖွဲ့ အချို့နှင့်
သဘောတူညီမှု မရသေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များက ဖွင့်ဟသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ၂၀၁၄
ခုနှစ်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန်နှင့် ၂၀၁၃ နှစ်အကုန်
နောက်ဆုံးထား၍ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရန်
သမ္မတဦးသိန်းစိန်က ထပ်မံကတိပြုကြောင်း ကမ္ဘာ့ ရပ်မိရပ်ဖ အဖွဲ့က ထုတ်ပြန်သည်။
The Voice Weekly
No comments:
Post a Comment