ရန်ကုန် ပြည်သူ့ဆေးရုံဝင်းရှေ့ အပြင်ဘက်မျက်နှာစာ
ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ဈေးရောင်းချနေရာမှ ရန်ကုန်မြို့တွင်းရှိ အဓိက
လမ်းမကြီးများတွင် ယာဉ်ရပ်နားရန်အတွက်
လမ်းတိုးချဲ့ခြင်း အစီအစဉ်ကြောင့် ဆေးရုံဝင်းအတွင်း ပြောင်းရွှေ့ ဝင်ရောက်
ရောင်းချနေသည့် လူသုံးကုန်၊ မုန့်နှင့် စားသောက်ဆိုင်များ စက်တင်ဘာလ ၂၀
ရက်နေ့ ည ၈ နာရီ နောက်ဆုံးထား၍ ဆေးရုံက သတ်မှတ်ပေးထားသည့် နေရာသို့
ပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်းတွင်
လူသုံးကုန် ပစ္စည်းများ ရောင်းချနေသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ဆေးရုံတွင်းသို့ ကျူးကျော် ရောင်းချနေသော အဆိုပါ ဈေးဆိုင်ခန်းများကို
တစ်ပတ်အတွင်း အပြီးရွှေ့ပြောင်း ပေးစေရန် စီစဉ်ထားကြောင်း ရန်ကုန်
ပြည်သူ့ဆေးရုံကြီး၏ ဒုတိယဆေးရုံအုပ် ဒေါက်တာပပက ပြောကြားသည်။
“ဆေးရုံရဲ့ မျက်နှာစာတန်းကြီးမှာဆိုတော့ ရွှေ့ပြောင်း ပေးသင့်ပါတယ်” ဟု အဆိုပါ ဆိုင်များတွင် ဝယ်ယူ စားသောက်နေသူတစ်ဦးက ဆိုသည်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းရှိ ယင်းဆိုင်ခန်းများကို
လသာမြို့နယ်နှင့် ကပ်လျက်ရှိသော ဆေးရုံအတွင်းပိုင်း အုတ်နံရံ အနီးရှိ
မြေကွက်လပ်တွင် နေရာချထားပေးမည်ဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြော
ဆေးကုဌာနဝင်း ဘက်အခြမ်းရှိ ဆိုင်ခန်းများကိုမူ အဆိုပါဝင်း အရှေ့ဘက်ရှိ
မြေနေရာ ကွက်လပ်တွင် ရောင်းချစေမည် ဖြစ်ကြောင်း ရန်ကုန်
ပြည်သူ့ဆေးရုံကြီးမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆိုင်ခန်းငှားရမ်း၍ တရားဝင် ဖွင့်ထားသော
စားသောက်ဆိုင်အချို့ ရှိသော်လည်း၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင်
လူတန်းစားပေါင်းစုံ တက်ရောက်သောကြောင့် ငွေကြေး အဆင်မပြေသည့်
မိသားစုများနှင့် နယ်မှလာရောက် ဆေးကုသသော မိသားစုများအတွက် စားသောက်စရိတ်
ကြီးမားသည့်အတွက် သက်သာချောင်ချိသော ဆိုင်ငယ်များထံမှ ဝယ်ယူ
စားသောက်ကြရကြောင်း ၎င်းကပြောကြားသည်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီး
ဝင်းအတွင်း ဝင်ရောက် ရောင်းချနေသော ဆိုင်များ ပြဿနာ ဖြေရှင်းနိုင်ရေးအတွက်
တာဝန်ရှိသူများက ဈေးဆိုင် ပိုင်ရှင်များနှင့် ဆွေးနွေးကာ
နေရာချထားပေးရေးအတွက် စီစဉ်ပေးခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်နေသော လူနာများ၏ သက်သာသော
ဈေးနှုန်းဖြင့် ဝယ်ယူ စားသောက်နိုင်သော စားသောက်ဆိုင်ငယ်များတွင်
လမ်းတိုးချဲ့သည့် စနစ်ကြောင့် ဆေးရုံဝင်းတွင်းရှိ ဆရာဝန်များ၏
ယာဉ်ရပ်နားရန် ထားရှိသော အမိုးများအောက်တွင် ဝင်ရောက်
ရောင်းချနေမှုများကြောင့် ဆရာဝန်များ ကားရပ်နားရန် အဆင်မပြေမှုများ၊
ဆေးရုံဝင်းတွင်း စနစ်တကျ အမှိုက်စွန့်ပစ်မှု မရှိခြင်းများကြောင့် ကျန်းမာရေး
ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်
ထမ်းဆောင်နေသူ ဆရာဝန်တစ်ဦးက ပြောသည်။
ယခင် လမ်းမဘေးတွင်
ရောင်းချစဉ်တွင် စည်ပင်က ဖမ်းဆီးစဉ် အချိန်၌ ဆေးရုံတွင်း ဝင်ရောက် ပုန်းပါက
အပြစ်က လွတ်လေ့ရှိပြီး ဆေးရုံဝင်း အတွင်းတွင် ဝင်ရောက် ရောင်းချနေစဉ်တွင်
ဆေးရုံနယ်နိမိတ် ဖြစ်သဖြင့် စည်ပင်သာယာက ဝင်ရောက် ဖမ်းဆီးမှုများ
မတွေ့ရကြောင်း အဆိုပါ တာဝန်ကျ ဆရာဝန်က ပြောဆိုသည်။
“ကျွန်တော်တို့က
ပြောင်းပေးပါဆိုတော့ ပြောင်းပေးမှာပါ၊ မပြောင်းရင် ဘာဖြစ်မလဲပေါ့နော်၊
ပြောင်းရမယ့် နေရာကလည်း ချောင်ကျတော့ မပြောင်းလည်း ဘာမှမဖြစ်ဘူး။
အရေးမယူဘူး ဆိုရင်တော့ မပြောင်းဘူးပေါ့ဗျာ” ဟု ရန်ကုန်ဆေးရုံကြီး
မျက်နှာစာတန်းတွင် ဈေးရောင်းချနေသူ တစ်ဦးက ဆိုသည်။
ရန်ကုန်
ပြည်သူ့ဆေးရုံကြီးနှင့် တစ်ဖက်ခြမ်းရှိ ဦးနှောက်နှင့် အာရုံကြော
ဆေးကုဆေးကုဌာနဝင်း အတွင်း ဆိုင်ပေါင်း ၁၀၀ နီးပါး ရှိကြောင်း
စုံစမ်းသိရှိရသည်။
The Voice Weekly
No comments:
Post a Comment