မန္တလေးမြို့၌ အောက်တိုဘာ ၁၄ ရက်က ရွှေဘဲစားသောက်ဆိုင်တွင်
ဗုံးတွေ့ရှိမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် လိုင်စင်မဲ့ကားတစ်စီး
စွန့်ပစ်ထားရာမှ ဖြစ်ပွားခဲ့သော ဗုံးလန့်မှု အပါအ၀င် အများပြည်သူ သွားလာရာ
နေရာများတွင် ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီ ၀န်းကျင်ခန့်က မန္တလေးမြို့ ၆၆ လမ်းမပေါ်ရှိ
အမျိုးသားကဇာတ်ရုံ အနီးတွင် မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီး
ဖွင့်လှစ်စစ်ဆေးခဲ့ရာ ဟန်းဖုန်းတစ်လုံးအား ဓာတ်ခဲဖြင့် ပူးတွဲချည်နှောင်
ထားသည်ကိုသာ တွေ့ရှိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ၂၃ လမ်း၊ ၈၃ လမ်းနှင့် ၈၄
လမ်းကြားရှိ အမှိုက်ပုံ တစ်ခုမှ မီးခိုးများ ထွက်ရှိလာသောကြောင့်
သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာ ဗြောက်အိုးဖောက်မှုကြောင့်သာဖြစ်ကြောင်း
ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က အတည်ပြု ပေးခဲ့သည်။
သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာ ၁၉ ရက်တွင်လည်း မန္တလေးမြို့
ကျွဲဆည်ကန် အဝေးပြေးကားဝင်း အတွင်း၌ မတ်ခ်တူးအမျိုးအစား လိုင်စင်မဲ့
ကားတစ်စီး လာရောက်စွန့်ပစ်ထားမှုကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ
သွားရောက်စစ်ဆေးခဲ့ရာ ၁၂ ဗို့အား ဘက်ထရီအိုး တစ်လုံး၊ ထီးတစ်ချောင်း၊
ရေသန့်ဘူး တစ်ဘူးနှင့် Red Label အမျိုးအစား အရက်ပုလင်း တစ်လုံးတို့ကိုသာ
တွေ့ရှိခဲ့ကြောင်း သိရသည်။
"လက်ရှိအချိန်မှာ ဗုံးနဲ့ပတ်သက်ပြီး
ပြည်သူလူထုက စိုးရိမ်နေတာကြောင့် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာကို
အကြောင်းကြားကြလို့ ဒီလိုကောလာဟလတွေ ထွက်နေတာပါ။ ရဲတပ်ဖွဲ့ဝင်တွေကလည်း
သတင်းရရချင်း ဗုံးဟုတ်၊ မဟုတ်ကို ကျန်တဲ့တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး
အတည်ပြု ဆောင်ရွက်ပေးနေပါတယ်။ ဒီလို အသိရှိရှိနဲ့ ပြည်သူက
သတင်းပေးနေတာကလည်း လုံခြုံရေးအတွက် အကျိုးရှိပါတယ်" ဟု
တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် ဖြူး၊ တောင်ငူ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင်
ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိမှုများ၏
ဖြစ်စဉ်များမှ ကျူးလွန်သူများနှင့် ဆက်စပ်ပါဝင်သူများကို
ဖော်ထုတ်နိုင်ခဲ့ပြီဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့သော်လည်း ရန်ကုန်၊
မန္တလေးနှင့် ဘားအံမြို့တို့တွင်မူ ဗုံးဟုမသင်္ကာဖွယ်ရာ ပစ္စည်းတွေ့ရှိမှုများ
ဖြစ်ပွားခဲ့သည်။
Eleven Media Group
No comments:
Post a Comment