ပြည်တွင်း၌ ဗုံးပေါက်ကွဲမှု၊ ဗုံးလန့်မှုများ ဖြစ်ပွားခဲ့သော်လည်း အောက်တိုဘာ
၁၉ ရက် တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့တွင် ရန်ကုန်မြို့ရှိ
ရွှေတိဂုံစေတီတော်၊ စွယ်တော်မြတ်စေတီတော်၊ ကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင်
စေတီတော်၊ အဘယလာဘ မုနိရုပ်ပွားတော်(ကျောက်တော်ကြီးဘုရား) စသည့်
ရန်ကုန်မြို့ရှိ ဘုရား၊ စေတီများသို့ ဘုရားဖူး လာရောက်သူ ယခင်နှစ်ကဲ့သို့
စည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရားစေတီများတွင်လည်း
ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု၊ ဗုံးလန့်မှုများကြောင့်
လုံခြုံရေးအင်အားကို ဘုရားဂေါပကအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်
မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းပြီး ယခင်နှစ်ကထက် လုံခြုံရေးအင်အားနှင့်
လုံခြုံရေး အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် လူစည်းကားသည့် ဘုရားစေတီများတွင် အတွင်းစည်း အပြင်စည်း
လုံခြုံရေးနှစ်ဆင့်ဖြင့် လုံခြုံရေး ဆောင်ရွက်နေသည်ဟု ရဲတပ်ဖွဲ့နှင့်
လုံခြုံရေး အဖွဲ့အစည်းများထံမှ သိရသည်။ "မရမ်းကုန်း ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်
လေးယောက်ရယ်၊ ရဲတပ်ရင်း (၇) က ရဲတပ်သားတွေရယ် ဘုရားလုံခြုံရေး
တာဝန်ရှိသူတွေရယ် ပူးပေါင်းပြီး ပြည်သူတွေအတွက် လုံခြုံရေး
ဆောင်ရွက်နေပါတယ်"ဟု ကမ္ဘာအေး စေတီတော်တွင် တာဝန် ထမ်းဆောင်နေသည့်
မရမ်းကုန်းရဲစခန်းမှ လုံခြုံရေး တာဝန်ကျ ရဲတပ်သားတစ်ဦးက ပြောကြားသည်။
"ဘုရားဖူး ပြည်သူတွေ ကောင်းကောင်းမွန်မွန် ဘုရားဖူးလို့ရအောင်နဲ့
အနှောင့်အယှက်မရှိအောင် နေပါတယ်။ ဘုရားဂေါပက အဖွဲ့ကလည်း
ရှစ်ဆယ်လောက်ရှိပါတယ်။အင်းစိန် ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဆယ်နဲ့ လုံခြုံရေး
ဆောင်ရွက်ပေးပါတယ်။ ရပ်ကွက် တာဝန်ရှိသူတွေလည်း ပူးပေါင်း
ဆောင်ရွက်ကြပါတယ်" ဟု အဘယလာဘ မုနိရုပ်ပွားတော်မြတ်(ကျောက်တော်ကြီးဘုရား)
လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ဦးအောင်ကြီးက ပြောကြားသည်။
ဘုရားစေတီများသို့ ဘုရားဖူး လာကြသူများအား စေတနာရှင် ပြည်သူများက စတုဒီသာ
အလှူကျွေးမွေးခြင်းများ၊ ကုသိုလ်ဖြစ် ငါးစားကျွေးခြင်းများ၊ ငါးလွှတ်ခြင်း၊
ငှက်များ လွှတ်ခြင်းတို့လည်း ရှိခဲ့ကြောင်း သိရသည်။
"သူငယ်ချင်းတွေ လူငယ်တွေစုပြီး အခါကြီး ရက်ကြီးတွေရောက်တိုင်း
ရွှေတိဂုံစေတီတော်တို့၊ စွယ်တော်တို့၊ ကမ္ဘာအေးတို့စတဲ့ ဘုရားတွေမှာ စတုဒီသာ
အလှူပေးတာပါ"ဟု ကမ္ဘာအေး စေတီတော်သို့ ဘုရားဖူး လာသူများအား အအေး စတုဒီသာ
လှူဒါန်းနေသည့် Nine Youth 's Volunteer မှ ကိုစည်သူဖြိုးက ပြောပြပါသည်။
မှော်ဘီမြို့နယ်မှ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး လာရောက်သော ဦးတင်မြင့်က
"ဗုံးတွေပေါက်တဲ့ သတင်းကတော့ ကြားထားပါတယ်။ ဒါပေမဲ့ အစိုးရက
လုပ်ဆောင်နေတဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အေးအေးဆေးဆေးပဲ
ဘုရားဖူးနိုင်ခဲ့ပါတယ်"ဟု ပြောကြားသည်။
"ဒီလိုနေ့မျိုးကိုမှ
ဘုရားမဖူးနိုင်လောက်ရအောင် အခြေအနေ ဆိုးလိမ့်မယ်လို့တော့ မထင်တဲ့အတွက်
ဘုရားထွက်ဖူး ဖြစ်တာပါ။ အေးအေးဆေးဆေးပါပဲ။ အရင်နှစ်တုန်းက
ရွှေတိဂုံစေတီတော်အတိုင်းပဲ စည်းကားတယ်။ အခြား ကမ္ဘာအေး ဘုရားဘက်လည်း
ရောက်ဖြစ်တယ် ဒီအတိုင်းပါပဲ"ဟု ဒေါ်မိုးမိုးက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment