မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း
ဈေးကွက်ဖော်ဆောင်ရာတွင် ကျွမ်းကျင်ဝန်ထမ်း လိုအပ်မှု အပါအ၀င် ပြဿနာကြီး ငါးရပ်နှင့်
ရင်ဆိုင်နေရသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက အောက်တိုဘာ ၂၅ ရက်က ပြောကြားသည်။
လက်ရှိ ကြုံတွေ့နေရသော ပြဿနာငါးရပ်တွင် Stock Exchange Commission(SEC)
ဖွဲ့စည်းရာတွင် အရည်အချင်း ပြည့်မီသူများ ရရှိရန်၊ စတော့အိတ်ချိန်း
အဆောက်အအုံ အခိုင်အမာ ရရှိရန်၊ သတင်း အချက်အလက်နှင့် နည်းပညာပိုင်းတွင်
အခြေခံ အဆောက်အအုံများ ပြည့်မီရန်၊ ကော်မရှင် အဖွဲ့ဝင်များနှင့်
ဝန်ထမ်းများအတွက် အရည်အချင်းဖြည့် သင်တန်းများ ပေးအပ်ရန်၊
စတော့အိတ်ချိန်းတွင် စာရင်းဝင်မည့် အများပိုင် ကုမ္ပဏီများကို
စတော့အိတ်ချိန်းနှင့် ပတ်သက်ပြီး ပညာပေးရန်တို့ ပါဝင်ကြောင်း
ဦးမောင်မောင်သိမ်းက ထောက်ပြခဲ့သည်။
လက်ရှိအချိန်တွင်
မြန်မာနိုင်ငံတွင် အရည်အချင်းပြည့်မီသည့် အများပိုင် ကုမ္ပဏီငါးခုခန့်သာ
ရှိနေသေးပြီး ကုမ္ပဏီ အနည်းဆုံး ၈၀ ခန့် လိုအပ်နေကြောင်း Myanmar Securities
Exchange Co.,Ltd မှ အမှုဆောင် ဒါရိုက်တာ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
မြန်မာငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။
လက်ရှိအချိန်တွင် ဆက်စပ် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် နည်းဥပဒေများကို
စောင့်ဆိုင်းလျှက် ရှိသည်။
အဆိုပါ ငွေချေး သက်သေခံ လက်မှတ်များ
လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင် မြန်မာနိုင်ငံ စတော့အိတ်ချိန်း ဈေးကွက်တွင်
နိုင်ငံခြား ကုမ္ပဏီများ ၀င်ရောက်မှုနှင့် ပတ်သက်၍ ဖော်ပြမထားကြောင်း သိရသည်။
၁၉၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ ကုမ္ပဏီများ အက်ဥပဒေကြောင့်
မြန်မာ့စတော့ အိတ်ချိန်းဈေးကွက်တွင် နိုင်ငံခြား ကုမ္ပဏီများပါဝင်ရန်
ခက်ခဲနေသေးကြောင်း သိရသည်။
ယခုအခါ ကုမ္ပဏီများ အက်ဥပဒေကို
ပြင်ဆင်ရန် ဆွေးနွေးလျှက်ရှိပြီး ၂၀၁၄ ခုနှစ် အကုန်တွင် နောက်ဆုံးထား
ထုတ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက
ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment