ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)
နှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ
တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာအများစု
တွင် ဖြစ်ပွားနေခြင်း
ဖြစ်သည်ဟု
ကချင်ငြိမ်းချမ်းရေး ကွန်ရက်က အောက်တိုဘာ ၂၆ ရက်တွင်
ပြောကြားသည်။
တရုတ်နိုင်ငံ အနေဖြင့် စွမ်းအင်လိုအပ်ချက်အတွက်
မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို သွယ်တန်းရယူနေကြောင်း၊ ၂၀၁၂ ခုနှစ်နှင့်
၂၀၁၃ ခုနှစ်အတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရနှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည့်
နေရာများကို လေ့လာကြည့်ပါက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသည့်
နေရာများတွင် အများစု ဖြစ်သည်ကို တွေ့ရကြောင်း ကချင်ငြိမ်းချမ်းရေး
ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်မေစံပယ်ဖြူက ဆိုသည်။
ဒေါ်မေစံပယ်ဖြူက "ဒီတရုတ်ဓာတ်ငွေ့ပိုက်လိုင်းတွေ ကာကွယ်ဖို့အတွက်
တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းဖို့ နေရာတွေကို ရယူဖို့အတွက်
ကျွန်မတို့တွေဟာ ပဋိပက္ခ စစ်ပွဲတွေ ဖြစ်ပွားတယ်လို့ ကျွန်မတို့က အဲဒီလိုပဲ
ယူဆလို့ ရပါတယ်" ဟု ဆိုသည်။
ကေအိုင်အေနှင့် အစိုးရငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ
မြစ်ကြီးနားမြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး
အချက်ခုနစ်ချက်ပါ သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သော်လည်း ၁၀ ရက်ကျော်
အကြာခန့်တွင် ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း၌ တိုက်ပွဲများ
ဆက်တိုက်ပြန်လည် ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများမှာ
သစ်ခိုးထုတ်မှုများအပေါ် သွားရောက်ရှင်းလင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
အစိုးရဘက်မှ ရှင်းလင်းခဲ့သော်လည်း အဆိုပါ အချက်မှာ အကြောင်းပြချက်
သက်သက်သာဖြစ်ပြီး အမှန်တကယ် အကြောင်းရင်း မဖြစ်နိုင်ဘဲ တိုက်ပွဲများ
ဖြစ်ပွားသည့် နေရာမှာ ဗန်းမော်-မန္တလေး ရထားလမ်းကို တရုတ်နိုင်ငံမှ ရထားလမ်း
လာဆက်မည့်နေရာ ဖြစ်နေသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဆိုသည်။
သစ်ခိုးထုတ်မှု လမ်းကြောင်းသည် မန္တလေး၊ စစ်ကိုင်း စသည့်အစိုးရအောက်ရှိ
မြို့နယ်များကို ဖြတ်သန်းလာခဲ့ချိန်တွင် ဖမ်းဆီးခဲ့ခြင်း မပြုဘဲ ကေအိုင်အို
ထိန်းချုပ်နယ်မြေ အတွင်းရောက်မှသာ လိုက်လံရှင်းလင်းခဲ့ခြင်း
ဖြစ်ကြောင်းနှင့် သစ်ခိုးထုတ်မှု လမ်းကြောင်းမှာ အများအပြား ရှိနေပြီး
လမ်းကြောင်းတစ်ခုတည်းကြောင့် တိုက်ပွဲများ ထိုမျှထိ ပြင်းထန်စရာ မရှိဟု
အဆိုပါ ကွန်ရက်က ထောက်ပြသည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့
(ကေအိုင်အို)တို့အကြား ၁၉၉၄ ခုနှစ်မှစကာ အပစ်အခတ် ရပ်စဲထားခဲ့ပြီး ၁၇
နှစ်ကြာပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခြင်းမှာလည်း တရုတ်နိုင်ငံ၏
ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း
ဒေါ်မေစံပယ်ဖြူက ထောက်ပြခဲ့သည်။
"၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ
တိုက်ပွဲတွေ စဖြစ်ပွားတာကိုက တာပိန်ရေအားလျှပ်စစ်လို့ခေါ်တဲ့ ရေအားလျှပ်စစ်
ထုတ်ဖို့အတွက် ဆည်အသေးလေးဆောက်တဲ့ ဒေသကနေစပြီး ဖြစ်တယ်။ စပြီးဖြစ်ခဲ့တာကိုက
အဲဒီဆည်ကို လာပြီးဆောက်တဲ့ တရုတ်ကုမ္ပဏီက ၀န်ထမ်းတွေနဲ့ ဒေသခံ
ရွာသူရွာသားတွေ မသင့်မတင့် ဖြစ်တာကို တရုတ်ကုမ္ပဏီက လူတွေကို လုံခြုံရေး
ကာကွယ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီးတော့ တိုက်ပွဲတွေ ဖြစ်တယ်။
အဲဒီတော့ ပြောချင်တာက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်လိုမှုကနေ စတာ။
တကယ်တော့ တာပိန်ရေအားလျှပ်စစ်ဆိုတာ သေးသေးလေးပါ။ ကျွန်မတို့ မြစ်ဆုံဆည်နဲ့
ယှဉ်မယ်ဆိုရင်ပေါ့" ဟု ဒေါ်မေစံပယ်ဖြူက ပြောကြားသည်။
နိုင်ငံတကာ
ပညာရှင်များ အနေဖြင့်လည်း တိုက်ပွဲများ ဖြစ်ပွားသည့် နေရာများကို စနစ်တကျ
မြေပုံဆွဲထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့၏ လေ့လာမှုများ အရလည်း တညီတညွတ်တည်း
ကောက်ချက်ချနိုင်သည်မှာ ပဋိပက္ခများ၊ မငြိမ်သက်မှုများ၊ တိုက်ပွဲများ
ဖြစ်ပွားနေရသည့် ဒေသများ အားလုံးမှာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု
လမ်းကြောင်းများနှင့် အမှန်တကယ် ဆက်စပ်မှု ရှိသည်ဆိုခြင်းပင်
ဖြစ်ကြောင်းလည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဆိုသည်။
No comments:
Post a Comment