ကမ္ဘာ့ရွှေဈေးနှုန်း ပြောင်းလဲမှု အပေါ်
မူတည်၍ ပြည်တွင်းရွှေ ဈေးကွက်အတွင်း
ဈေးနှုန်း အတက်အကျ ရှိနေကြောင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောကြား ခဲ့သည်။
အဆိုပါ
ပြည်တွင်း ရွှေဈေးနှုန်းသည် စက်တင်ဘာ ဒုတိယ ပတ်အတွင်းမှ စတင်၍ ဈေးနှုန်းများ
မြင့်တက်ခဲ့ရာမှ ယခုလ ကုန်ပိုင်းတွင် ပြန်လည်ကျ ဆင်းခဲ့သည်။ အောက်တိုဘာ ၃
ရက်တွင် မူ ရွှေဈေးပြန်လည် မြင့်တက်လာပြီး ဈေးနှုန်းတည်ငြိမ်ခြင်း
မရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်နေရခြင်းသည် ကမ္ဘာ့ရွှေဈေးနှုန်း
အတိုင်း လိုက်ပါပြောင်းလဲခြင်း ဖြစ်ပြီး ပြည်တွင်းရွှေ ဈေးနှုန်း
ကစားခြင်းကြောင့် မဟုတ်ကြောင်း သိရသည်။
''အမေရိကန် ရွှေဈေးကကျတော့
လိုက်ကျနေတာ၊ တခြား ဈေးကစားမှုတွေကြောင့် မဟုတ် ပါဘူး။ အရောင်းအဝယ်
အနေနဲ့တော့ ဒီနှစ် တိုးလာတယ်၊ ဒီလပိုင်းမှာ ပိုကောင်းတယ်။ ပွဲလမ်း သဘင်တွေ
ရှိနေတာကြောင့်ပါ'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ကမ္ဘာ့
ရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးကွက် အပြောင်းအလဲ အနေဖြင့် လန်ဒန် ရွှေဈေး
ကွက်သည် အဓိက ကျခဲ့သော်လည်း နောက်ပိုင်း ကာလများတွင် နယူးယောက် ရွှေဈေးကွက်
သည် အဓိက ဖြစ်လာကြောင်း ယင်းဈေးကွက် ပြောင်းလဲမှုအပေါ် မူတည်၍
ကမ္ဘာ့နိုင်ငံများမှ ရွှေဈေးနှုန်း အပြောင်းအလဲ တိုက်ရိုက် အကျိုးသက်ရောက်မှု
ရှိကြောင်း သိရသည်။
စက်တင်ဘာ ဒုတိယပတ် အတွင်း ကမ္ဘာ့ရွှေဈေး
တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃၉၃ ဒေါ်လာ ရှိခဲ့ပြီး ပြည်တွင်း၌ အခေါက်ရွှေ
တစ်ကျပ်သားလျှင် ငွေကျပ် ၇၂ဝ၅ဝဝ ကျော် အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ ၁ ရက်တွင် အမေရိကန် ဒေါ်လာ ၁၃၃၅ ဒေါ်လာ ရှိခဲ့ပြီး
ပြည်တွင်း အခေါက် ရွှေဈေးမှာလည်း တစ်ကျပ်သားလျှင် ငွေကျပ် ၆၉၄၂ဝဝ အထိ
ကျဆင်း ခဲ့ကြောင်း အောက်တိုဘာ ၂ ရက်မှ စတင်၍ ကမ္ဘာ့ရွှေ တစ်အောင်စလျှင်
အမေရိကန် ဒေါ်လာ ၁၂၉ဝ ရှိပြီး ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်
၆၈၉ဝဝဝ အထိ ထပ်မံကျဆင်း ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အမေရိကန်
နိုင်ငံစီးပွားရေး အပြောင်းအလဲကြောင့် ရွှေ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ
၁၃၁ဝ ပြန်လည် မြင့်တက်ခဲ့ရာ ပြည်တွင်း အခေါက် ရွှေဈေးမှာ လည်း ငွေကျပ်
၆၉၁၅ဝဝ အထိ တည်ငြိမ်မှု မရှိဘဲ မြင့်တက်ခဲ့ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment