ဆန်းဒါးလန်းနှင့် ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ချန်ပီယံတို့၏ အရည်အသွေးကို ပြသနိုင်ခဲ့ကြောင်း နောက်ခံလူ ဖီးလ်ဂျုံးစ်က ပြောကြားခဲ့သည်။
မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်တွင် ပုံစံကောင်း ပျောက်ဆုံးနေသော
ယူနိုက်တက်သည် ပရီးမီးယားလိဂ်တွင် (၂)ပွဲဆက် အရေးနိမ့်နေခဲ့ပြီး
ဆန်းဒါးလန်းကို အဝေးကွင်းတွင် ပြန်လည် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း
ပွဲအစ (၄)မိနစ် ကတည်းက ဦးဆောင်ဂိုး ပေးခဲ့ရပြီး မိနစ်(၅၀)မျှ
နောက်မှလိုက်ကစားရင်း ရုန်းကန်ခဲ့ရသည်။ ယင်းနောက်ပိုင်းတွင်မူ လူငယ်
ကစားသမားလေး အက်ဒ်နန်ဂျနူဇက်ဂ်ျ၏ သွင်းဂိုး(၂)ဂိုးဖြင့် ယူနိုက်တက်တို့
အနိုင်ရခဲ့ခြင်း ဖြစ်သည်။ MUTVနှင့် အင်တာဗျူးတွင် ယူနိုက်တက် အနေဖြင့်
အရေးနိမ့်နေချိန်တွင် အလျှော့မပေးစတမ်း ကြိုးစားပြီး (၃)မှတ် အပြည့်
ရယူနိုင်ခဲ့ခြင်းသည် ချန်ပီယံတို့၏ ဗီဇမျိုးဟု ညွှန်းဆိုသွားခဲ့သည်။
အင်္ဂလန် နောက်ခံကစားသမားက "ကျွန်တော်တို့ ပွဲအစကတည်းက ကြိုးစား ကစားခဲ့သလို
ကစားပုံလည်း ကောင်းမွန်တယ်လို့ ထင်ပါတယ်။ ပထမပိုင်းမှာ အမှားတစ်ခုကနေ
ခြေချော်ခဲ့ပေမယ့် အနိုင်ရခဲ့တယ်။ ဆန်းဒါးလန်းဟာ ဂိုးရပြီးတဲ့နောက်
ခံစစ်ကို လုံးဝပိတ်ကစားခဲ့တာကြောင့် ကျွန်တော်တို့ အခက်ကြုံခဲ့တာ
အမှန်ပါပဲ။ ဒါပေမဲ့ အလျှော့မပေးစတမ်း ကြိုးစားရင်း အနိုင်ရခဲ့တယ်။ ဒါဟာ
ချန်ပီယံတွေရဲ့ သင်္ကေတ လက္ခဏာပဲ ဖြစ်ပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။
ထိုပွဲတွင် ခြေစွမ်းပြခဲ့သည့် အသက်(၁၈)နှစ်အရွယ် ဘယ်လ်ဂျီယံ လူငယ်လေး
ဂျနူဇက်ဂ်ျနှင့် ပတ်သက်ပြီးလည်း ဂျုံးစ်က "သူက အရမ်းကို ပါရမီပြည့်စုံ
ကြွယ်ဝတဲ့ လူငယ်တစ်ယောက်ပါ။ အရည်အသွေးကောင်းတွေလည်း အများကြီးရှိတယ်။
တကယ်လို့ သူ့ရဲ့ ဒုတိယဂိုးလို ပုံစံအတိုင်း ဂါရတ်သ်ဘေးလ်က သွင်းပြမယ်ဆိုရင်
လူတွေက ချီးမွမ်းမဆုံး ဖြစ်နေကြလိမ့်မယ်။ ဂျနူဇက်ဂ်ျဟာ သိပ်တော်တဲ့
ဘောလုံးသမား တစ်ယောက် ဖြစ်ပေမယ့် တိုးတက်ဖို့ အရှိန်ယူနေရဆဲပါ။
သူဘာလုပ်ရမယ် ဆိုတာကိုလည်း သူသိပါတယ်။ ခုချိန်မှာ အရာရာကို
နှိမ့်ချတွေးခေါ်ပြီး ခုလို ပုံစံကောင်းမျိုးနဲ့ ဆက်ကစားနိုင်ဖို့ပဲ
သူဦးတည် ကြိုးစားသင့်ပါတယ်"ဟု ပြောဆိုသွားသည်။
Soccer Myanmar
No comments:
Post a Comment