မြန်မာနိုင်ငံက ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို
ဖြေရှင်းရာ၌ တတ်နိုင်သရွေ့ ကူညီမည်ဟု
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက
အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် သမ္မတဦးသိန်းစိန်တို့သည်
အောက်တိုဘာ ၁၀ ရက်က (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့်
ဆက်စပ် အစည်းအဝေးများ ပြုလုပ်နေသည့် ဘရူနိုင်းနိုင်ငံ International
Convention Center ၌ သီးခြားတွေ့ဆုံခဲ့ပြီး ဂျွန်ကယ်ရီက ယင်းကဲ့သို့
ပြောကြားလိုက်ခြင်း ဖြစ်သည်။
''မြန်မာနိုင်ငံက ဆောင်ရွက်နေတဲ့
ပြုပြင်ပြောင်းလဲမှု ကိစ္စတွေကို အသိအမှတ်ပြုတယ်။ ကျွန်တော်တို့
ရင်ဆိုင်နေရတဲ့ ကြားမှာရှိတဲ့ စိန်ခေါ်မှု တချို့ပေါ့။ ဒါတွေကို
ကျွန်တော်တို့ အစိုးရအနေနဲ့ တတ်နိုင်သမျှ ဖြေရှင်းပေးနေတယ် ဆိုတာကို
အသိအမှတ်ပြုတယ်။ သူတို့ဘက်က တတ်နိုင်သမျှ ကူနိုင်တာကို ကူပေးမယ်လို့
သူတို့ပြောပါတယ်'' ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
တွေ့ဆုံမှု အပြီးတွင် ပြောကြားသည်။
စိန်ခေါ်မှု ဆိုသည်မှာ မကြာသေးမီက
ဖြစ်ပေါ်ခဲ့သော ဘာသာရေးနှင့် လူမျိုးရေးကို အခြေခံသော
ပဋိပက္ခဖြစ်စဉ်မျိုးကို ဆိုလိုကြောင်း ဦးရဲထွဋ်က ဆိုသည်။
''စိန်ခေါ်မှုဆိုတာ အဓိကအားဖြင့် မကြာခင်က ဖြစ်ပွားနေတဲ့ ဘာသာရေး၊
လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခ ဖြစ်စဉ်မျိုးတွေပေါ့။ ဒီအပေါ်မှာ
ကျွန်တော်တို့ အစိုးရက ကိုင်တွယ်နေတာလည်း သူတို့သိတယ်။ ဒါနဲ့ ပတ်သက်လို့
သူတို့ကူညီနိုင်တဲ့ဟာ ကူညီမယ်။ နောက်တစ်ခါ အမျိုးသားပြန်လည်
စည်းလုံးညီညွတ်ရေး အတွက် ဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ကူညီပေးမယ်ပေါ့''
ဟု ဦးရဲထွဋ်က ပြောကြားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဂျွန်ကယ်ရီသည် အောက်တိုဘာ ၉ ရက်က ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး
ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ထို့အပြင် Jerudong International School(JIS) သို့ သွားရောက်ခဲ့ပြီး
အာဆီယံ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံပွဲ၌
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များသည် စိတ်အားတက်ကြွမှု
ရှိစေသော်လည်း ပြီးပြည့်စုံခြင်း မရှိသေးကြောင်း ဂျွန်ကယ်ရီက
ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် သမ္မတ ဦးသိန်းစိန်သည်
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား ဘရူနိုင်းအစိုးရ
ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။
''ထိုင်းကတော့ အဓိကအားဖြင့် ထားဝယ်ရေနက်
ဆိပ်ကမ်းကိစ္စ၊ တာချီလိတ်ကနေ မြ၀တီကို နယ်စပ်ကုန်သွယ်ရေးကို
ပုံမှန်ကုန်သွယ်ရေး မြှင့်တင်နိုင်ဖို့ ဒါတွေကို ဆွေးနွေးခဲ့ပါတယ်'' ဟု
ဦးရဲထွဋ်က ပြောကြားခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံခြားရေး
ဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးတို့လည်း အောက်တိုဘာ ၁၀
ရက်မှာပင် သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
(အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့
ဘရူနိုင်းနိုင်ငံ၌ အောက်တိုဘာ ၁၀ ရက်က တွေ့ဆုံစဉ်)
Eleven Media Group
No comments:
Post a Comment