မန္တလေးမြို့တော်ရှိ အထင်ကရ ခုံးကျော်တံတား သုံးစင်းဖြစ်သော ၃၅ လမ်း
ခုံးကျော်၊ ၄၂
လမ်းခုံးကျော်နှင့် ဦးပွားခုံးကျော်တို့ကို
လက်ရှိဘဏ္ဍာနှစ်အတွင်း
ပြန်လည် ပြုပြင်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန အကြီးတန်း အရာရှိတစ်ဦးထံမှ သိရသည်။
ယင်းခုံးကျော်တံတားများကို ပြင်ဆင်နိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊
မြန်မာ့မီးရထားနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့
ပူးပေါင်းကာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယင်းခုံးကျော်တံတားများကို မြို့တော်စည်ပင် လမ်းတံတားဌာနက ယခုနှစ်အတွင်း
ကွင်းဆင်းစစ်ဆေး ခဲ့စဉ် ယင်းတံတားများရှိ Rubber Bearing Plate များမှာ
ပါးလွှာနေပြီး ယင်း Rubber များသည် တံတား၏ ရွေ့လျားမှုအတွက် မည်မျှအလုပ်
လုပ်နိုင်ကြောင်းကို မသိရှိနိုင်သည့်အတွက် ယခုကဲ့သို့ ပူးပေါင်း စစ်ဆေးရန်
ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အကူအညီ တောင်းခံရခြင်း ဖြစ်ကြောင်း အဆိုပါ
တာဝန်ရှိသူက ရှင်းပြသည်။
မန္တလေးစည်ပင်သည် ခုံးကျော်တံတားများနှင့်
ပတ်သက်သည့် အဓိက ပျက်စီးမှုများကို ပြင်ဆင်ရန် အသုံးစရိတ် ရန်ပုံငွေ
မရှိခြင်းနှင့် ခုံးကျော်တံတား ကျွမ်းကျင်ပညာရှင်များ မရှိသည့်အတွက် ၃၅
လမ်း ခုံးကျော်မှအပ ကျန်တံတားနှစ်ခုကို မြန်မာ့မီးရထားက ပြင်ဆင်ပြီးမှသာ
လက်ခံနိုင်မည် ဖြစ်ကြောင်း ၎င်းထံမှသိရသည်။
“စည်ပင်အနေနဲ့က ဘတ်ဂျက်လည်း
မရှိဘူးဆိုတော့ ခုံးကျော်သုံးခုမှာ ၃၅ လမ်း ခုံးကျော်ကိုပဲ တာဝန်ယူ
ပြင်ဆင်ပေးနိုင်မှာပါ။ ဦးပွား ခုံးကျော်နဲ့ ၄၂ လမ်း ခုံးကျော်တွေကိုတော့
မြန်မာ့မီးရထားက ပြင်ဆင်ပြီးမှပဲ လက်ခံနိုင်မှာပါ။ ဒီဘတ်ဂျက်နှစ်အတွင်း
ပြင်ဆင်သွားမှာပါ” ဟု ၎င်းကဆိုသည်။
မန္တလေးမြိ့တော်ရှိ အဆိုပါ
ခုံးကျော်တံတား သုံးစင်းမှာ ယာဉ်အသွားအလာ များသည့်အပြင် နှစ်ပေါင်း ကြာပြီ
ဖြစ်သည့်အတွက် တံတားများ ကြံ့ခိုင်မှုရှိစေရန် အမြန်ဆုံး ပြန်လည်
ပြင်ဆင်သင့်ကြောင်း မန္တလေးမြို့ခံ အချို့က တိုက်တွန်းသည်။
မန္တလေးမြို့ပေါ်ရှိ ခုံးကျော်သုံးခုတွင် ဆိုင်ကယ်သွားလာခြင်း ကန့်သတ်ထားပြီး
ယခုအခါ ၄၂ လမ်း ခုံးကျော်တံတားကို ဆိုင်ကယ် ဖြတ်သန်းခွင့်ပေးရန်
စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
The Voice Weekly
No comments:
Post a Comment