မန်ယူအသင်းသည် အဲဗာတန်အသင်းမှ အင်္ဂလန်နောက်ခံလူ လေတန် ဘိန်းစ်အား
ခေါ်ယူနိုင်ရန်အတွက်\
ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းအပြင် တောင်ပံကစားသမား ဗလင်စီယာကိုပါ အလိုက်ပေးကမ်း၍
လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရသည်။
မန်ယူ အသင်းနည်းပြ မိုယက်စ်သည် အသင်းဟောင်း အဲဗာတန်မှ
ဘိန်းစ်နှင့်ဖယ်လိုင်နီတို့အား ခေါ်ယူနိုင်ရန် ပြီးခဲ့သည့်
အပြောင်းအရွှေ့ကာလကတည်းက ကြိုးပမ်းခဲ့သော်လည်း ဖယ်လိုင်နီကိုသာ
ခေါ်ယူနိုင်ခဲ့ပြီးနောက် လာမည့်ဇန်န၀ါရီတွင် ထပ်မံကြိုးပမ်းရန်
ပြင်ဆင်နေခြင်း ဖြစ်သည်။
မိုယက်စ်သည် မန်ယူအသင်း၏ လူစာရင်းအား
စိတ်ကြိုက်စမ်းသပ်သုံးစွဲပြီးနောက် ဘယ်နောက်တန်း အစွန်တွင်
ထိပ်တန်းအရည်အချင်းရှိ နောက်ခံကစားသမားတစ်ဦး မဖြစ်မနေ ၀ယ်ယူရန်
လိုအပ်နေပြီဖြစ် ကြောင်း Daily Mail သတင်းစာက ဆိုသည်။
လက်ရှိမန်ယူ အသင်း၏ ဘယ်နောက်ခံအစွန်တွင် အီဗရာ နှင့်
ဘတ်တနာတို့ရှိနေသော်လည်း အီဗရာမှာ အသက်အရွယ်အရ
အကျပိုင်းရောက်လာပြီဖြစ်သဖြင့် တစ်ရာသီလုံး ကောင်းမွန်စွာကစားနိုင်ရန်
မဖြစ်နိုင်သကဲ့သို့ ဘတ်တနာမှာလည်း အကောင်းဆုံးကစားနိုင်စွမ်းမရှိသောကြောင့်
ထိုနေရာအတွက် ဘိန်းစ်မှာ အသင့်တော်ဆုံး ကစားသမားဖြစ်မည်ဟု မိုယက်စ်က
ယုံကြည်နေသည်။
မိုယက်စ်သည် ဘိန်းစ်အား ပြီးခဲ့သည့် အပြောင်းအရွှေ့က
ဖယ်လိုင်နီနှင့် နှစ်ယောက်အတွက် ပေါင် ၃၆ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး
အဲဗာတန်အသင်းမှ ပယ်ချခဲ့သည်။ သို့သော် မိုယက်စ်က ဇန်န၀ါရီအပြောင်းအရွှေ့တွင်
ဘိန်းစ်အား ခေါ်ယူနိုင်ရန် မျှော်မှန်းထားပြီး အသင်းတွင်
အကောင်းဆုံးခြေစွမ်းပြရန် ရုန်းကန်နေရသည့် တောင်ပံကစားသမား ဗလင်စီယာကိုပါ
အလိုက်ပေးသွားရန် ကြံစည်နေခြင်းဖြစ်သည်။
အောင်သုတ
Mizzima - News in Burmese
No comments:
Post a Comment