တနင်္ဂနွေနေ့က အီဂျစ်စစ်တပ်များ စူးအက်ဇ် တူးမြောင်းကို ဖြတ်ကျော်ကာ
အစ္စရေးသို့ ချီတက်ခဲ့သည့် နှစ်ပေါင်း(၄၀)ပြည့် အခမ်းအနားကို ကျင်းပနေချိန်၌
ဆန္ဒပြမှုများ စတင်ခဲ့ပြီး ရဲများ၊ လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။
အီဂျစ်အမျိုးသားနေ့ ဆန္ဒပြမှုများအတွင်း လူ ၅၁ ဦးထက်မနည်း သေဆုံး
အီဂျစ်နိုင်ငံ၏ အမျိုးသားနေ့တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး ပဋိပက္ခ
ဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ(၅၁)ဦးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ကိုင်ရိုမြို့တော်တွင် ယခင်သမ္မတဟောင်း မိုဟာမက် မော်စီနှင့် ၎င်း၏
ကျောထောက်နောက်ခံ အင်အားစုဖြစ်သည့် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့တို့ကို
လိုလားသော ဆန္ဒပြသူ (၂၀၀)ကျော်တို့ စုရုံးခဲ့ကြသည်။ တနင်္ဂနွေနေ့က
အီဂျစ်စစ်တပ်များ စူးအက်ဇ် တူးမြောင်းကို ဖြတ်ကျော်ကာ အစ္စရေးသို့
ချီတက်ခဲ့သည့် နှစ်ပေါင်း(၄၀)ပြည့် အခမ်းအနားကို ကျင်းပနေချိန်၌
ဆန္ဒပြမှုများ စတင်ခဲ့ပြီး ရဲများ၊ လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်တိုက်
တွေ့ဆုံခဲ့သည်။ ကိုင်ရိုအပြင် အခြားသော မြို့ကြီးအချို့၌လည်း
မော်စီထောက်ခံသူများ ဆန္ဒပြခဲ့သော်လည်း ကိုင်ရိုတွင် ထိခိုက်သေကျေမှု
အများဆုံး ဖြစ်ပေါ်ခဲ့သည်။
ဇူလိုင်လက မော်စီအစိုးရကို
ဖယ်ရှားပြီးနောက် စစ်တပ်ထောက်ခံမှုဖြင့် အာဏာရနေသည့် လက်ရှိ အစိုးရသည်
ကိုင်ရိုမြို့လယ်ရှိ တီဟရီရင်ပြင်တွင် စုရုံးအင်အားပြမှုတစ်ရပ်
ပြုလုပ်ခဲ့သည်။ အမျိုးသားနေ့အဖြစ် သတ်မှတ်ထားသည့် ယင်းနှစ်ပတ်လည်နေ့တွင်
တိုက်လေယာဉ်များ၊ အပါချီ ရဟတ်ယာဉ်များ ပါဝင်ချီတက်ခဲ့ပြီး ယခု
အခမ်းအနားသို့ လက်ရှိ အစိုးရကို ထောက်ခံသည့် အီဂျစ်ပြည်သူ ထောင်နှင့်ချီ
တက်ရောက်ခဲ့ကြသည်။ အာဏာသိမ်း ဗိုလ်ချုပ် အက်ဘ်ဒယ်လ်ဖာတား အယ်လ်စီစီ၏
အမည်ကို ယင်းအခမ်းအနား၌ အော်ဟစ် ဂုဏ်ပြုနေသော်လည်း အခြားမျက်နှာစာ
တစ်ခုတွင် သွေးလွှမ်းသည့် အဓိကရုဏ်းများ ပေါ်ပေါက်နေခြင်း ဖြစ်သည်။
မော်စီလိုလားသူများသည် အာဏာသိမ်း စစ်တပ်ဗိုလ်ချုပ်များကို
လူသတ်သမားများအဖြစ် စွပ်စွဲအော်ဟစ်ကာ ရင်ပြင်သို့ ဦးတည်ချီတက်လာသည့်နောက်
လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။
ရဲများသည်
မျက်ရည်ယိုဗုံးများ အသုံးပြုကာ ကျည်ဆန်များကို မိုးပေါ်ထောင်၍ ခြောက်လှန့်
ပစ်ခတ်ပြီး လူစုခွဲရန် ကြိုးစားခဲ့သော်လည်း ဆန္ဒပြသူများက လုံခြုံရေး
တပ်ဖွဲ့များကို ကျောက်ခဲများဖြင့် ပစ်ပေါက်သည့်နောက် အခြေအနေ
ရှုပ်ထွေးခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ နာရီပေါင်း
အတော်များများ ကြာမြင့်ခဲ့သည့် လမ်းပေါ် ပဋိပက္ခများ အပြီးတွင် ဆန္ဒပြသူ
အများအပြား သေကြေဒဏ်ရာရခဲ့သလို ကိုင်ရိုမြို့တော်ရှိ နေရာအချို့တွင်
မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် စစ်တပ်က
ပါဝင်လာသည့်နောက် မော်စီလိုလားသူများကို ဖြိုခွဲနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့က
ဆန္ဒပြသူ (၃၃၅)ဦးကို ဖမ်းဆီးထားကြောင်း ပြောဆိုခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment