ရာသီဥတု ဖြစ်စဉ်များနှင့် ဆက်စပ်၍ အချိန်တိုအတွင်း တစ်ရှိန်ထိုး
မြင့်တက်ခဲ့သော ပြည်တွင်း ဆန်ဈေးသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက
စတင်ကျဆင်းခဲ့ရာ လာမည့် စပါးပေါ်ချိန်တွင်လည်း ထပ်မံကျဆင်းလာနိုင်ကြောင်း ပြည်တွင်း ဆန်ကုန်သည် အချို့က သုံးသပ်သည်။
လာမည့် နိုဝင်ဘာလဆန်းတွင် မြန်မာနိုင်ငံ၏ ဆန်စပါး အဓိက
စိုက်ပျိုးထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်
ကောက်သစ်များ ထွက်ပေါ်လာမည် ဖြစ်၍ စပါးဈေးများ ကျဆင်းနိုင်ရာ ဆန်ဈေးများပါ
လိုက်ပါ ကျဆင်းလာနိုင်ကြောင်း အဆိုပါကုန်သည်များက ဆိုသည်။
ကောက်သစ်များ ထွက်လာ၍ စပါးဈေး ကျဆင်းမည့် အောက်တိုဘာလကုန်
နိုဝင်ဘာလဆန်းခန့်တွင် ပြည်တွင်း ဆန်လှောင် လက်ကုန်သည်ကြီးများသည်
သိုလှောင်ထားသည့် ဆန်ဟောင်းများကို ထုတ်ရောင်းလာနိုင်၍ ဆန်ဈေးမှာ လက်ရှိ
ပေါက်ဈေးအောက် ဆက်လက် ကျဆင်းနိုင်သည်ဟု ဘုရင့်နောင်ပွဲရုံ အခြေစိုက်
ဆန်ပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဆန်စပါး အဓိကစိုက်ပျိုးရာ
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ရေကြီး
နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သော ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ဆန်ကြမ်း
တစ်အိတ်လျှင် ၁၆,၂၀၀ ကျပ်ခန့်အထိ မြင့်တက်ခဲ့သော်လည်း လက်ရှိတွင် ဆန်ကြမ်း
တစ်အိတ်လျှင် ၁၅,၅၀၀ ကျပ်အထိ ပြန်လည် ကျဆင်းလာကြောင်း ဝါးတန်း
ဆန်ကုန်စည်ဒိုင်၏ ဈေးနှုန်းများအရ သိရသည်။
ကောက်သစ် ပေါ်ခါနီးသည့်
လက်ရှိအချိန်တွင် ဆန်ကုန်သည်ကြီးများက အရန်ဆန်များကို ထုတ်ရောင်းခြင်းဖြင့်
ဆန်ဈေးကျအောင် ပြုလုပ်ပါက တောင်သူလယ်သမားများသာ နစ်နာနိုင်ကြောင်း
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သင်းပေါင်းချောင်ကျေးရွာ လယ်သမား
ဦးကျော်ထက်က ပြောကြားသည်။
“လာမယ့် နိုဝင်ဘာလလောက် ဆိုရင်တော့
ဆန်ဈေးတွေက ကျဦးမှာ။ အခုတော့ ဆန်သစ်ပေါ်ပေမယ့် နည်းသေးတယ်။ တချို့တွေကတော့
ဆန်ဟောင်းထဲကို ဆန်သစ် ရောရောင်းတာတွေလည်း ရှိတယ်” ဟု
ဘုရင့်နောင်အခြေစိုက် ဆန်ကုန်သည် ဦးထွန်းဝင်းက ဆိုသည်။
ဆန်သစ်ပေါ်ချိန် ရောက်စပြုပြီ ဖြစ်သောကြောင့် ဈေးကွက်အတွင်း ဝယ်လိုအားထက်
ရောင်းလိုအား ပိုများကာ အရောင်းအဝယ် အေးလျက်ရှိသည်ဟု ၎င်းကဆိုသည်။
ရန်ကုန်သို့ နယ်စုံမှ ဝင်ရောက်လျက်ရှိသော ပေါ်ဆန်း ၁၀၈ ပေါင်တစ်အိတ်လျှင်
၂၂,၀၀၀ ကျပ်မှ ၂၄,၀၀၀ ကျပ်အထိ ရှိကြောင်း ဝါးတန်း ဆန်ကုန်စည်ဒိုင်၏
အောက်တိုဘာလ ၅ ရက်နေ့ ဈေးနှုန်းများ အရ သိရသည်။
The Voice Weekly
No comments:
Post a Comment