မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် (၁၆) မိုင်စစ်ဆေးရေး ဂိတ်တွင်
အောက်တိုဘာ ၅ ရက်နေ့က မန္တလေးမှ မူဆယ်သို့သွားမည့်
ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ် သုံးစီးပေါ်မှ
တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉
နာရီခန့်က ကုန်တင်ယာဉ် သုံးစီးပေါ်တွင် ဂုန်နီအိတ်ဖြင့် ထည့်ထားသော ၂၁၅
ကီလိုဂရမ် အလေးချိန်ရှိသည့် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသည်ကို
တွေ့ရှိခဲ့ရကြောင်း ကာလတန်ဖိုး ပမာဏကိုမူ တွက်ချက်ဆဲ ဖြစ်ကြောင်း၊ အဆိုပါ
ကုန်တင်ယာဉ် သုံးစီး မောင်းနှင်သူများကို ကျောက်မျက်ပုဒ်မ ၄၂ (က) အရ
အုန်းချော နယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ)၁၃၀/၂၀၁၃ ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
အဆိုပါနေ့ ညနေ ၅ နာရီခန့်က မတ်တူး အဖြူရောင် ယာဉ် ၅ဂ/၆၈၂၀ ကို ရှာဖွေရာ
တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး ၂၈ အိတ်ကို တွေ့ရှိ၍ အဆိုပါ
ကျောက်စိမ်းတုံးများ သယ်ဆောင်လာသည့် ယာဉ်မောင်းနှင့်အတူ ပါလာသူတစ်ဦးကို
အကောက်ခွန်ဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားလျက်ရှိပြီး
သက်ဆိုင်နယ်မြေရဲစခန်း (အုန်းချော) က (ပ)၁၃၃/၂၀၁၃ ကျောက်မျက်ပုဒ်မ ၄၂ (က)
အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ
ရုံးမှတ်တမ်းများအရ သိရသည်။
“အခုလိုမျိုး တရားမဝင် သယ်ဆောင်တာကတော့
ပထမဦးဆုံး တိုင်းပြည် နစ်နာတာပေါ့။ ပြည်တွင်း မှာရှိတဲ့
ကျောက်စိမ်းကုန်သည်တွေရဲ့ စီးပွားရေး နစ်နာတယ်။ ပုံမှန်အတိုင်း တရားဝင်နဲ့
သယ်ဆောင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် အကျိုးအများကြီး ရှိပါတယ်” ဟု
မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အခြေစိုက်
ကျောက်စိမ်းကုန်သည် ဦးကျော်မြင့်က ဆိုသည်။
မြန်မာနိုင်ငံ
ကျောက်စိမ်း အဓိကဈေးကွက် တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ
ကျောက်မျက် ရတနာ ရောင်းဝယ်ရေး စခန်းတွင် ကျောက်စိမ်း ကုန်ကြမ်း
ရှားနေသဖြင့် တရုတ်ဝယ်လက်များ ထက်ဝက်ခန့် လျော့နည်း သွားပြီး
ဈေးကွက်အေးနေကြောင်း အဆိုပါစခန်း အခြေစိုက် ကျောက်စိမ်း ကုန်သည်များက
သုံးသပ်ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment