မသိနားမလည်သည့် ၁၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား ပထွေးဖြစ်သူမှ သားမယား အဖြစ်ပြုကျင့်ကာ ငွေကြေးရယူ၍ ပြည့်တန်
ဆာအိမ်တွင်ထားခဲ့သဖြင့်
ပထွေးဖြစ်သူ ဦးဝင်းနိုင်၊ ပြည့်တန်ဆာအဖြစ်
အဓမ္မခိုင်းစေသူ
မော်လမြိုင်ကျွန်းမြို့နေ သံမဏိ(ခ)ကျော်ချစ်ဦး၊ မမေဖူးတို့နှင့်
ပြည့်တန်ဆာခေါင်းအဖြစ်လုပ်ကိုင်သူ ပုသိမ်မြို့နေ
ထွန်းထွန်းနှင့်မဇာလွင်မြင့်တို့အား အသီးသီးအမှုဖွင့် အရေးယူခဲ့ပြီး
ထိရောက်သောပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၂
ခုနှစ်၊ သြဂုတ်လလယ်ခန့်၊ ရက်မမှတ်မိ၊ ညအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နေ ၁၃နှစ်အရွယ် မxxxx ဆိုသူ
အမျိုးသမီးငယ်တစ်ဦးအား ပထွေးဖြစ်သူဦးဝင်းနိုင်မှ
ကာမဆိုင်ရာပြုကျင့်ခဲ့သည့်အပြင် ပြည့်တန်ဆာခေါင်းအိမ်များသို့ ပြည့်တန်ဆာ
အဖြစ်ရောင်းချခဲ့သဖြင့် တရားဥပဒေအရဆောင်ရွက်ပေးရန် အုပ်ထိန်းသူအဖွားမှ
ဘိုကလေးမြို့၊ အမှတ်(၇)ရပ်ကွက်လူထုအခြေပြု
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သို့ စာဖြင့်ရေးသား
အကူအညီတောင်းခံခဲ့မှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏လမ်းညွှန်မှုဖြင့်
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
စိစစ်ဖော်ထုတ်ဆောင်ရွက်ခဲ့သည်။
ကျိုက်လတ်မြို့နယ်ရဲတပ်ဖွဲ့မှ
တိုင်ကြားစာပါဖြစ်စဉ်အားစိစစ်ခဲ့ရာ (၁၃)နှစ်အရွယ် အမျိုးသမီးငယ်အား
ပထွေးဖြစ်သူဝင်းနိုင်မှ သားမယားအဖြစ်ပြုကျင့်ကာ မော်လမြိုင်ကျွန်းမြို့ရှိ
ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ သံမဏိ(ခ)ကျော်ချစ်ဦးနှင့်မမေဖူးတို့ထံ
ငွေကျပ်(၂၀၀၀၀)ရယူ၍လည်းကောင်း၊ ပုသိမ်မြို့ရှိ ပြည့်တန်ဆာခေါင်း
ထွန်းထွန်းနှင့်မဇာလွင်မြင့်တို့ထံ ငွေကျပ်(၃၀၀၀၀)ရယူ၍လည်းကောင်း၊
ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ရန်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
ပထွေးဖြစ်သူ ၀င်းနိုင်အား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့တွင်
ဘိုကလေးရဲစခန်းမှ (ပ)၁၆၇/၂၀၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆/၃၇၂
ဖြင့်အမှုဖွင့်အရေးယူခဲ့ပြီး၊ ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေသူ
မော်လမြိုင်ကျွန်းမြို့နေ သံမဏိ(ခ)ကျော်ချစ်ဦးနှင့်မမေဖူးတို့အား
ဘိုကလေးရဲစခန်းမှ (ပ)၁၆၈/၂၀၁၂ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄
ဖြင့်လည်းကောင်း၊ ပုသိမ်မြို့၊ ဥမ္မာဒန်္တီ(၁၆)လမ်း၊ အမှတ်(၄၄)နေ
ပြည့်တန်ဆာခေါင်းထွန်းထွန်း၏နေအိမ်အား နယ်မြေခံရဲတပ်ဖွဲ့နှင့်
ပုသိမ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုတို့မှ ဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်နိုင်ရေး လျှို့ဝှက်စောင့်ကြည့် သတင်းရယူခဲ့ပြီး
ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းအတိအကျရရှိသဖြင့်
ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ဖမ်းဆီးပြီး ပြည့်တန်ဆာခေါင်းအဖြစ်လုပ်ကိုင်သူ
ထွန်းထွန်းနှင့်မဇာလွင်မြင့်တို့အား ၂၀၁၃ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့တွင်
အသည်ကြီးရဲစခန်းမှ (ပ)၁၂၃/၂၀၁၃၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ပုဒ်မ
၅(၁)/၈(၁) ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူနိုင်ခဲ့သည်။
အဆိုပါအမှုများအား အမှုခိုင်မာစွာတည်ဆောက်ပြီး တရားခံဝင်းနိုင်အား
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အရ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နှင့် ပုဒ်မ ၃၇၂ အရ
ထောင်ဒဏ်(၁၀)နှစ်တို့အား သီးခြားစီကျခံစေရန် ဖျာပုံခရိုင်တရားရုံးမှ ၂၀၁၃
ခုနှစ်၊ ဇန်န၀ါရီလ(၈)ရက်နေ့တွင်လည်းကောင်း၊ တရားခံ
သံမဏိ(ခ)ကျော်ချစ်ဦးနှင့်မမေဖူးတို့အား
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ
အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်စီကျခံစေရန် သြဂုတ်လ(၉)ရက်နေ့တွင်လည်းကောင်း၊
တရားခံ ထွန်းထွန်းအား ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၈(၁)အရ
အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်နှင့် တရားခံ မဇာလွင်မြင့်အား
ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၅(၁)အရ
အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၂)နှစ်စီကျခံစေရန် ပုသိမ်မြို့နယ်တရားရုံးမှ
နိုဝင်ဘာလ(၅)ရက်နေ့ တွင်လည်းကောင်း အမိန့်ချမှတ်ခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏လမ်းညွှန်မှု၊
ပြည်ထဲရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏
တစိုက်မတ်မတ်ဆောင်ရွက်ခဲ့မှုများကြောင့် တိုင်ကြားစာပါ
ပြစ်မှုကျုးလွန်သူများကို အမှုဖွင့်အရေးယူနိုင်ခဲ့ပြီး ထိရောက်သောပြစ်ဒဏ်များ
ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်
No comments:
Post a Comment