မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်
ပြိုင်ပွဲတွင် မြင်းစီးအားကစား
ပြိုင်ပွဲအတွက် အသုံးပြုမည့် သြစတြေးလျနိုင်ငံမှ ၀ယ်ယူ
ထားသည့်
မြင်းအကောင်ရေ ၃၀ သည် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံ
မြင်းစီးအားကစား အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပမည့် မြင်းစီးအားကစား ပြိုင်ပွဲ၌
အသုံးပြုရန် အတွက် သြစတြေးလျနိုင်ငံမှ မြင်းအကောင်ရေ ၃၀ အား
မြင်းစီးဝါသနာရှင်များမှ စုပေါင်း၍ ၀ယ်ယူခြင်း ဖြစ်ကြောင်း သိရှိရပြီး
မြင်းတစ်ကောင်လျှင် အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲခန့် ပေးဝယ်ခဲ့ရကြောင်း
သိရသည်။
''အခုရောက်ရှိလာတဲ့ မြင်းတွေကို တန်းခုန်ပြိုင်ပွဲနဲ့
အလှစီးပြိုင်ပွဲ အတွက်ပဲ သုံးသွားမှာ ဖြစ်ပါတယ်။ တာဝေးပြိုင်ပွဲကတော့
ပြည်တွင်းက မြင်းတွေကို သုံးသွားပါမယ်။ မြင်းစီးအားကစား ပြိုင်ပွဲမှာ
စုစုပေါင်း မြင်းအကောင်ရေ ၈၀ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ နိုင်ငံခုနစ်ခုကနေ
ဝင်ရောက်ယှဉ်ပြုင်မှာ ဖြစ်ပါတယ်။ မြင်းစီးပြိုင်ပွဲကိုတော့ ကျွန်တော်တို့
ဝယ်ထားတဲ့ မြင်းတွေနဲ့ ပြည်တွင်းမှာရှိတဲ့ မြင်းတွေကို မဲစနစ်နဲ့ပဲလုပ်ပြီး
ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်'' ဟု မြန်မာ နိုင်ငံမြင်းစီးအားကစား
အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။
မကြာခင်
ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌
မြင်းစီးအားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမား
လက်ရွေးစင် ၁၀ ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
မြင်းစီးအားကစား ပြိုင်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မြင်းစီးအားကစား
အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ''မြင်းစီးအားကစား ပြိုင်ပွဲမှာ
ထူးခြားတာက ထိုင်းဘုရင်ရဲ့ မြေးတော်က မြင်းအလှစီး ပြိုင်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ဂုဏ်ယူတယ်။
ပြိုင်ပွဲဝင်တဲ့ သူတွေကလည်း ဂုဏ်မြင့်သွားတာပေါ့။ ပြိုင်ပွဲအတွက်ကိုတော့
အကောင်းဆုံး ပြင်ဆင်ထားပါတယ်'' ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင်
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲ၌
မြင်းစီးအားကစား ပြိုင်ပွဲတွင် မြန်မာအပါအ၀င် မလေးရှား၊ စင်ကာပူ၊ ထိုင်း၊
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ
ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment