မြန်မာနိုင်ငံသို့ နယ်စပ်ဂိတ်များမှ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လွယ်ကူစွာ ၀င်ရောက်နိုင်ရန် အတွက် မြန်မာ-တရုတ် နယ်စပ်ဂိတ်များကိုလည်း
အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်ပေးသွားရန် သက်ဆိုင်ရာ
ဌာနများမှ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ဂိတ်များအား အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ်
ဒီဇင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့်
ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး)မှ သိရသည်။
''လက်ရှိမှာ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ အတွက် ၀င်ရောက်မှု လွယ်ကူစေဖို့
မြန်မာ-ထိုင်း နယ်စပ်ဂိတ်တွေကို ဖွင့်လှစ်ပေးထားသလို မြန်မာ-တရုတ်
နယ်စပ်ဂိတ်တွေကိုလည်း ဖွင့်လှစ်ပေးသွားဖို့ သက်ဆိုင်ရာ ဌာနတွေက လိုအပ်တဲ့
ဆောင်ရွက်မှုတွေကို ပြုလုပ်နေပါတယ်။ ၂၀၁၃ နှစ်ကုန် ပိုင်းလောက်မှာ
ဖွင့်လှစ်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရတယ်'' ဟု ဟိုတယ်နှင့်
ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) မှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
မြန်မာ-တရုတ် နယ်စပ်ရှိ လက်ရှိဝင်ပေါက် သုံးခုအပြင်
သီးခြားဝင်ပေါက်သစ် များလည်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး
ယခုအခါ ၀င်ပေါက်များတွင် လိုအပ်သည့် စက်ကိရိယာများနှင့် အခြားအစိတ်အပိုင်း
ပြုပြင်တပ်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ၀င်ပေါက်များ ဖွင့်လှစ်ပြီးပါက ပြင်ဦးလွင်နှင့်
မန္တလေးမြို့များသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား
ဧည့်သည်ဦးရေမှာ ပိုမိုမြင့်တက် လာနိုင်ကြောင်း၊ မြန်မာ-ထိုင်း
နယ်စပ်ဂိတ်များ ဖြစ်သော တာချီလိတ်၊ မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း
ရနောင်းနှင့် ထီးခီး -မူနာရွန်နယ်စပ် ဂိတ်များကို သြဂုတ် ၂၈ ရက်မှ စတင်ကာ
အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်အဖြစ် ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံခြား ခရီးသွား
ဧည့်သည်များ အနေဖြင့် မြန်မာနိုင်ငံသို့ ယင်းဝင်ပေါက်များမှ တစ်ဆင့်
ပတ်စ်ပို့၊ ဗီဇာများဖြင့် ဖြတ်သန်းဝင်ရောက် လည်ပတ်မှုများ များပြားလျက်
ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment