သူပုန်စစ်သည် တစ်ဦးကို အာဆက်ဒ် ထောက်ခံ
သူဟု အထင်မှားကာ ခေါင်းဖြတ်ကွပ်မျက်ခဲ့
ဆီးရီးယား သူပုန်တပ်ဖွဲ့တစ်ခုက အချင်းချင်းလူမှားပြီး ခေါင်းဖြတ်သတ်
ဆီးရီးယားနိုင်ငံရှိ အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့ တစ်ခုသည်
မိမိတို့ဘက်သားကို မှားယွင်း ခေါင်းဖြတ်မိခဲ့ကြောင်း ဝန်ခံသွားသည်။
ဆီးရီးယား အစိုးရ ဘာရှာအာဆက်ဒ်ကို ဆန့်ကျင်နေသည့် သူပုန်အဖွဲ့
အများအပြားအနက် အယ်လ်ကေးဒါး အကြမ်းဖက်သမားများနှင့် ဆန့်ကျင်နေသည့်
အဖွဲ့အစည်းများလည်း ပါဝင်နေသည်။ ယင်းတို့အနက် တစ်ဖွဲ့က သူပုန်စစ်သည်
တစ်ဦးကို အာဆက်ဒ် ထောက်ခံသူဟု အထင်မှားကာ ခေါင်းဖြတ်ကွပ်မျက်ခဲ့ခြင်း
ဖြစ်သည်။ ယင်းအတွက် မှားယွင်းမိကြောင်း အဆိုပါအဖွဲ့က အင်တာနက်တွင်
ကြေညာချက် ထုတ်ပြန်ကာ ပြန်လည် တောင်းပန်ခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းက
သူပုန်တပ်များသည် ခေါင်းပြတ်တစ်ခုကို ကိုင်ဆောင်ထားသည့် ဗီဒီယိုကို
ပြသခဲ့ကြသည်။
နောက်ပိုင်းတွင်မူ အသတ်ခံရသူမှာ
မိုဟာမက်ဖာရားစ်ဆိုသူဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားနေသည့်
သူပုန်တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် ဖော်ထုတ်လာနိုင်ခဲ့သည်။ ၎င်းသည် ဆီးရီးယား
စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရင်း ဒဏ်ရာရခဲ့ပြီးနောက် အဆိုပါ
သူပုန်တပ်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ISIS သူပုန်အဖွဲ့က
ကြာသပတေးနေ့တွင် မိမိတို့ လူမှားသတ်မိကြောင်း အတည်ပြု ဝန်ခံခဲ့သည်။
အဖွဲ့ခေါင်းဆောင် အိုမာအယ်လ် ဆကွာဟန်တာနီက "ဘုရားသခင် အနေနဲ့ ဖာရားစ်ကို
သူ့ရဲ့ နိုင်ငံတော်မှ လက်သင့်ခံပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။
ပြီးတော့ ဘုရားသခင်ရဲ့ ရန်သူ၊ ကျုပ်တို့ရဲ့ ရန်သူနဲ့ မှားယွင်းမိခဲ့တဲ့
ဖာရားစ်ရဲ့ ညီအစ်ကိုတော်တွေကိုလည်း ဘုရားသခင် ခွင့်လွှတ်ဖို့
မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ ဖာရားစ်သည် ဒဏ်ရာများဖြင့်
ဆေးရုံတစ်ခုသို့ ရောက်ရှိလာသော်လည်း သူပုန်များက ၎င်းကို ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်။ ဆွန်နီ အတိုက်အခံ တပ်ဖွဲ့များက ၎င်းသည် အစိုးရဘက်သားအဖြစ်
သံသယရှိခဲ့သည့်နောက် ယခုလို သတ်ဖြတ်ခဲ့ခြင်းဟု သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment