Pages

14.11.13

အ.န.က.လ အဖွဲ့၏ ၂၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို မန္တလေးတွင် ပြုလုပ်

အမျိုးသား နိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ
့(အ.န.က.လ)၏ ၂၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်ဟောင်းများ ပြန်လည် တွေ့ဆုံခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ အမျိုးသားနိုင်ငံရေး ကျောင်းသား
လူငယ်အဖွဲ့မှ အဖွဲ့ဝင်ဦးရေ ၅၀ ခန့်အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြင်ဦးလွင်
မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟ၊ ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၊ နိုင်ငံရေး ဆောင်းပါးများကို ရေးသားနေသည့် ဒေါက်တာရန်မျိုးသိမ်းနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးတို့လည်း တတ်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အ.န.က.လအဖွဲ့ ပေါ်ပေါက်လာပုံနှင့် သမိုင်းအကျဉ်းကို အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုစိုးလင်းက ရှင်းလင်းပြောကြားသွားခဲ့ပြီး အမှတ်တရ စကားများကို ဦးတင်အေးကြူ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟ၊ ဦးသန့်ဇင်၊ ဒေါက်တာ ရန်မျိုးသိမ်း၊ ဦးမင်းပေါ်လွင်၊ ဦးကိုကိုအောင်၊ ဦးမင်းလွင်နှင့် တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးတို့က ပြောကြားခဲ့ကြသည်။

အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့ကို ၁၉၈၈ အရေးအခင်း ကာလအတွင်း မန္တလေးမြို့၌ ကျောင်းသားလူငယ်များက ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပြီး စစ်အာဏာရှင်ကို တွန်းလှန်သော မြေပေါ်မြေအောက် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် စတင် ဖွဲ့စည်းခဲ့စဉ် အချိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူမှာ A.B.S.D.F မှ ဦးအောင် နိုင်ဖြစ်ပြီး ၎င်းတောခိုရန် နုတ်ထွက်သွားသောအခါ ဦးဇော်လင်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြောင်း အ.န.က.လ အဖွဲ့၏ သမိုင်းဖြစ်စဉ် အကျဉ်းကို ပြောကြားသည်။

"လက်ရှိမှာတော့ အ.န.က.လ အဖွဲ့ဝင်တွေ ပြန်လည်စုပေါင်းပြီး အရပ်ဘက် အဖွဲ့အစည်းတစ်ခုကို လုပ်မယ်။ ပညာရေးကို အဓိကထားပြီး လုပ်သွားမယ်။ နောက်ပိုင်းကျရင်တော့ လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဘက်ကို ထိတွေ့သွားနိုင်အောင် ကြိုးစားသွားပါမယ်။ အ.န.က.လ အဖွဲ့ဟာ အထက်မြန်မာပြည် ကိုယ်စားပြု မန္တလေးမှာ ဖွဲ့စည်းခဲ့တယ်ဆိုပေမယ့် ၈၈ ကာလတုန်းကတော့ တစ်နိုင်ငံလုံးမှာ ရှိခဲ့ပါတယ်။ မန္တလေး၊ မြစ်ကြီးနား မီးရထားလမ်းတစ်လျှောက် မြို့နယ်ပေါင်း ၃၀ ကျော်မှာ ရုံးခွဲတွေ၊ အဖွဲ့ဝင်တွေ ရှိခဲ့ပါတယ်"ဟု ကိုစိုးလင်းက အ.န.က.လ ၏ ရှေ့ဆက် လုပ်မည့် လုပ်ငန်းစဉ်နှင့် သမိုင်းတို့ကို The Daily Eleven သို့ ပြောကြားခဲ့သည်။

"ရဲဘော်တွေကို အကြံပေးချင်တာက အ.န.က.လ လိုမျိုး နိုင်ငံရေးသြဇာနဲ့ ၈၈ အတွေ့အကြုံတွေ ရှိခဲ့တဲ့ အဖွဲ့အစည်းတွေဟာ ၂၀၁၄ ခုနှစ်လိုမျိုး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီအချင်းချင်း အားပြိုင်မှုတွေ ရှိနေတဲ့နှစ်မျိုးမှာ လက်ရှိ မြန်မာ့နိုင်ငံရေးထဲကို ပါတီထောင်ပြီး ၀င်နိုင်အောင် ကြိုးစားရပါမယ်။ ဒါမှသာ ၂၀၁၅ ခုနှစ်အလွန် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်တဲ့ အခြေအနေ ၂၀၂၀၊ ၂၀၂၅ ခုနှစ်လို အချိန်မျိုးမှာ အခုအချိန်ကတည်းက စပြီးပြင်ဆင်မှ တော်ရာကျမယ်လို့ ပြောချင်ပါတယ်"ဟု ဒေါက်တာ ရန်မျိုးသိမ်းက အမှတ်တရစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment