မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသော
ကျေးရွာများဖြစ်သည့် အောင်မြင်သာနှင့် မလိယန်ကျေးရွာတို့ကို တရုတ် CPI ကုမ္ပဏီမှ လျှပ်စစ်မီးပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၄ ရက်က ပြည်နယ်နှင့် ခရိုင် လျှပ်စစ်အင်ဂျင်နီယာနှင့် CPI
ကုမ္ပဏီမှ တာဝန်ရှိသူများ အောင်မြင်သာကျေးရွာသို့ လာရောက်ပြီး ဒေသခံများကို
လျှပ်စစ်မီးဆိုင်ရာ ပညာပေးဟောပြောပွဲပြုလုပ်စဉ် ဒေသခံများကို
ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အောင်မြင်သာဒေသခံတစ်ဦးဖြစ်သူ ဒေါ်ဂျာခေါန်က
ဆိုသည်။
ဖြန့်ဝေလျှပ်စစ်မီးသည် မြစ်ဆုံစီမံကိန်းဆောက်လုပ်ရာတွင်
အသုံးပြရန် တည်ဆောက်ထားသည့် ချိဖွေရေအားလျှပ်စစ်စီမံကိန်းမှဖြစ်ကြောင်း
သတင်းရရှိသည်။
““ချီဖွေလျှပ်စစ်မီးဟာ မြစ်ဆုံစီမံကိန်းလုပ်ဖို့
လုပ်ထားတဲ့ လျှပ်စစ်မီးဖြစ်တယ်။ ၂၄ နာရီပေးမယ်။
ဒေသခံတွေလုပ်ငန်းလုပ်နိုင်ဖို့ စက်မှုကုမ္ပဏီလေးတွေလည်းလုပ်မယ်လို့
ဟောပြောပွဲမှာ ပြောသွားတယ်””ဟု ဒေါ်ဂျာခေါန်က ပြောသည်။
ဟောပြောပွဲတွင် CPI မှ အောင်မြင်သာ ဒေသခံများအတွက် ဆန်များထောက်ပံ့ခဲ့ပြီး
လျှပ်စစ်မီးအကြောင်း လက်ကမ်းစာစောင်များလည်း မျှဝေပေးခဲ့ကြောင်း သိရသည်။
စတင်ပြောင်းရွှေ့ခဲ့ချိန်မှစပြီး ယခုအချိန်အထိ အောင်မြင်သာနှင့်
မလိယန်ကျေးရွာများတွင် ည ၇ နာရီမှ ၉ နာရီအထိ အေးရှားဝေါလ်ကုမ္ပဏီက
မီးစက်မောင်းကာ လျှပ်စစ်မီးဖြန့်ဝေပေးလျက်ရှိသည်။
““အခုအချိန်မှာတော့
ဓာတ်တိုင်မီးကြိုးတွေတော့ တပ်ဆင်ပြီးပြီ။ မီးဘယ်နေ့ကနေ
စပြီးပေးမယ်ဆိုတာတော့ မသိသေးဘူး။ မီတာခ ကောက်မယ်၊ မကောက်ဘူးဆိုတာလည်း
မသိရသေးဘူး။ ကျွန်မကတော့ ဟောပြောပွဲနေ့မှာ မီတာခမကောက်ဖို့အတွက်တော့
ပြောခဲ့တယ်””ဟု ဒေသခံတစ်ဦးက ပြောသည်။
အောင်မြင်သာစံပြကျေးရွာတွင်
နေထိုင်သည့် ဒေသခံများသည် မလိဇွပ်၊ တန်ဖရဲနှင့် လဖျဲ့ ရွာတို့မှ
ပြောင်းရွှေ့လာသည့် ဒေသခံများဖြစ်ကြပြီး မလိယန်ကျေးရွာတွင်နေထိုင်သည့်
ဒေသခံများသည် ဒေါင်ပန်နှင့် အောင်ဂျာယန်တို့မှ ပြောင်းရွှေ့လာရသည့်
ဒေသခံများဖြစ်သည်။
အောင်မြေသာရွာမှ နေအိမ်များနှင့်ဒေသခံအချို့ကို အောက်တိုဘာလကုန်ကတွေ့ရစဉ် ဓာတ်ပုံ - အောင်ခိုင်
7Day Daily
No comments:
Post a Comment