တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ချမှတ်ပြီး
လူဦးရေ တိုးတက်မှု ထိန်းချုပ်ထားခြင်းကို ဖြေလျှော့
ပေးမည်ဟု အစိုးရပိုင် မီဒီယာတွင် ထုတ်ပြန် သွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မိဘနှစ်ဦးအနက် တစ်ဦးက တစ်ဦးတည်းသော သားသမီး ဖြစ်ပါက ကလေးနှစ်ယောက် ယူခွင့်ပြု
မည်ဟု Xinhua သတင်းတွင် ဖော်ပြထားသည်။
ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပြီးနောက် ယခုကဲ့သို့သော အဆိုပြုချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အလုပ်စခန်းများသို့ ပေးပို့ခြင်းဖြင့် ပြန်လည် ပညာသင်ယူစေခြင်းကို
ပယ်ဖျယ်ရန်နှင့် စီးပွားရေး နယ်ပယ်တွင် ပုဂ္ဂလိက နယ်ပယ်၏ အခန်းကဏ္ဍကို
တိုးမြှင့်ပေးရန် တို့ကိုလည်း ကွန်မြူနစ်ပါတီ ထိပ်သီး အစည်းအဝေးတွင်
ဆုံးဖြတ်ခဲ့သည်။
ယင်းကဲ့သို့သော ပြုပြင်ပြောင်းလဲမှု များကို
တရုတ်နိုင်ငံ တစ်ဝန်းတွင် စမ်းသပ် စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း
ဘေဂျင်းမြို့တော်ရှိ BBC သတင်းထောက် ဆယ်လီယာ ဟတ်တန်က ပြောကြားသည်။
တရုတ်လူဦးရေ တိုးတက်မှုတွင် ရေရှည်မျှတမှု ပေါ်ပေါက်လာရန် တစ်အိမ်ထောင်
ကလေးတစ်ယောက် မူဝါဒကို တစ်ဆင့်ချင်း ပြုပြင် ပြောင်းလဲသွားမည်ဟု Xinhua
သတင်းတွင် ဖော်ပြထားသည်။
လူဦးရေ တိုးတက်မှုနှုန်း လျင်မြန်နေခြင်းကို
ထိန်းချုပ်နိုင်ရန် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ၁၉၇၀ ပြည့်လွန်
နှစ်များတွင် စတင်ကျင့်သုံးခဲ့သည်။
သို့သော်လည်း ကလေးတစ်ယောက် မူဝါဒမှာ
ပြည်သူများ ကြားတွင် ရေပန်းမစား ဖြစ်လာသလို အိုမင်းရင့်ရော်သည့် လူဦးရေ
ပမာဏ တိုးပွားလာခြင်းကြောင့် အလုပ်သမား ရရှိမှု နည်းပါးပြီး သက်ကြီး ရွယ်အို
စောင့်ရှောက်ရမူ ပိုမိုလာမည်ကို ထိပ်တန်း ခေါင်းဆောင်များက စိုးရိမ်လာသည်။
၂၀၅၀ ပြည့်နှစ်တွင် တရုတ် လူဦးရေ၏ လေးပုံတစ်ပုံမှာ အသက် ၆၅ နှစ်ကျော် အရွယ်များ ဖြစ်မည်ဟု ခန့်မှန်းထားသည်။
လူမျိုးစု ဒေသများတွင် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ကျင့်သုံးခြင်း
မရှိဘဲ တရုတ် ကျေးလက်ဒေသ များတွင်လည်း ပထမဆုံး ကလေးမှာ မိန်းကလေး ဖြစ်ပါက
ဒုတိယကလေး ယူခွင့် ပြုထားသည်။
အစိုးရအဖွဲ့၏ ကလေးတစ်ယောက် မူဝါဒကို
ဖောက်ဖျက်သည့် စုံတွဲများကို ဒဏ်ငွေပမာဏ ကြီးမားစွာ ပေးဆောင်စေခြင်း၊
ပိုင်ဆိုင်မှု သိမ်းခြင်း၊ အလုပ်ထုတ်ခြင်းများ ပြုလုပ်လေ့ ရှိသည်။
ယင်းကဲ့သို့သော မူဝါဒများ၊ ပြစ်ဒဏ်များ ချမှတ်ထားသဖြင့် အချို့သော
အမျိုးသမီးများ အတင်းအကျပ် ကိုယ်ဝန်ဖျက်ချ နေရသည့်အပြင် တရုတ် ရိုးရာ
အစဉ်အလာအရ ယောက်ျားလေးကို ဦးစား ပေးလိုသည့်အတွက် ကျား/မ မညီမျှမှုများ
ပေါ်ပေါက် လာရသည်။
ကျား/မ အချိုးအစား မညီမျှမှု များကြောင့် တရုတ်
အမျိုးသား ၂၄ သန်းကျော်မှာ ယခု ဆယ်စုနှစ်ကုန်ပိုင်းတွင် လက်ထပ်ရန်
အမျိုးသမီး ရှာမရသည့် ပြဿနာဖြင့် ကြုံတွေ့နိုင်ကြောင်း BBC သတင်းတွင်
ဖော်ပြထားသည်။
The Voice
No comments:
Post a Comment