နိုဝင်ဘာ ၁၅ ရက်က နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်
လွတ်မြောက်လာသော ဦးနေ၀င်း၏ မြေးများက မေခလမ်းရှိ ၎င်းတို့နေအိမ်၌ မီဒီယာ အချို့နှင့် တွေ့ဆုံ၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထိုသို့ ရှင်းလင်းရာတွင် ၎င်းတို့အား အရေးယူရာတွင် နိုင်ငံတော် သစ္စာဖောက်ဖျက်
ပုန်ကန်မှုဟု ခေါင်းစဉ်တပ်ခဲ့ကြောင်း၊ ယင်းသို့မပြုလုပ်ခင် ကတည်းကပင်
၎င်းတို့အနေဖြင့် ကြိုတင်ရိပ်မိခဲ့ကြောင်း၊ ရိပ်မိရသည့် အကြောင်းရင်းကို
ပြောရမည် ဆိုပါက မိမိတို့အား ၂၀၀၂ ခုနှစ် မတ်လတွင် မထိန်းသိမ်းမီ ၂၀၀၁
ခုနှစ် စက်တင်ဘာလတွင် မိမိတို့ညီအစ်ကို သုံးဦးနှင့် ထိုအချိန်က
ထောက်လှမ်းရေးတွင် ရှိခဲ့သော ဗိုလ်မှူးချုပ်သန်းထွန်း လက်ဖက်ရည်သောက်ရင်း
စကားပြောရာတွင် မိမိတို့ လုပ်နေကိုင်နေ သည်များကို အထက်တွင်ရှိသော
လူကြီးတွေထဲမှ တစ်ယောက်က မကျေနပ်မှု တစ်ခုဖြင့် အရေးယူရန် ရှိနေကြောင်း၊
ဆင်ခြင်လုပ်ဆောင်ကြရန် သတင်းပေးခဲ့ကြောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ
ဦးအေးနေ၀င်းက ပြောကြားသည်။၊
''အဲဒီသတင်းပေးတာကို ကျွန်တော်
သေသေချာချာ ပြန်မေးကြည့်တယ်။ အဲဒီတော့ အန်ကယ်သန်းထွန်း သူတို့က
ဘယ်ကိစ္စတွေကို မကျေနပ်တာလဲလို့ ပြောတဲ့အခါကြတော့။ အဓိကက ကျွန်တော်တို့
မိသားစုက လက်ရှိအုပ်ချုပ်နေတဲ့ လက်ရှိဆိုတာ အဲဒီအချိန်တုန်းက
အုပ်ချုပ်နေတဲ့ အစိုးရနဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ ကြားထဲမှာ ပြန်ပြီးတော့
အမျိုးသား ရင်ကြားစေ့ရေးအတွက် ပြန်ပြီးတော့ တည့်သွားအောင်
လုပ်ပေးနေတာမျိုးကို သူတို့က လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့
သူတို့ဘက်က အမြစ်ပြတ် ချေမှုန်းချင်တဲ့ စိတ်ဆန္ဒနဲ့ ရပ်တည်နေပြီ ဆိုပြီးတော့
သူကိုယ်တိုင် သူရဲ့ရာထူး စည်းစိမ်ကို အန္တရာယ်အကျ ခံပြီးတော့
ကျွန်တော်တို့ကို တိုးတိုးတိတ်တိတ် ခေါ်ယူပြီး သတင်းပေးခဲ့တာမျိုးတွေ
ရှိခဲ့ပါတယ်။ အဲဒီလို ပြောခဲ့တော့မှ ကျွန်တော် ပြန်စဉ်းစားကြည့်တယ်။
အဲဒီမတိုင်ခင် ကျွန်တော် ၁၉၉၈၊ ၁၉၉၉ ခုနှစ် လောက်မှာ လန်ဒန်မှာ
ဒေါက်တာမိုက်ကယ်အဲရစ် (ဒေါ်အောင်ဆန်းစုကြည် ခင်ပွန်း) နဲ့ တွေ့ပါတယ်။
တွေ့တဲ့အခါကျတော့ ဘာပြောလဲဆိုတော့ သူ့ဇနီးနဲ့ ကျွန်တော်တို့ အဘိုးနဲ့
လာတွေ့ဖို့ ကိစ္စကို သူတို့ဘက်က လိုလားပါတယ်။ လာပြီးတွေ့ဖို့
စိတ်ဆန္ဒရှိပါတယ်။ ကျွန်တော်လည်း ပြန်ပြောပါတယ်။ ဘာမှတော့
အဲဒါကျွန်တော်တို့မှာ ကန့်ကွက်စရာ အကြောင်းမရှိဘူး'' ဟု ဦးအေးနေ၀င်းက
ပြောကြားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့မှာ
ဆွေမျိုးများကဲ့သို့ နေထိုင်ခြင်းဖြစ်ကြောင်း၊ ထိုအချိန်က အုပ်ချုပ်သည့်
အစိုးရ၏ ကန့်သတ်ချက်များကြောင့်သာ မလာနိုင်ခြင်း ဖြစ်ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည် မိသားစုအပေါ် မလိုမုန်းထားသည့် စိတ်မရှိဘဲ ကြိုဆိုလျက်
ရှိပါကြောင်းနှင့် ယင်းကိစ္စကို နိုင်ငံတော် အကြီးအကဲများထံ
တင်ပြပြောဆိုခဲ့ကြောင်း၊ မိမိတို့အဘိုး ကိုယ်တိုင်ကလည်း ၁၉၉၂ ခုနှစ် ဧပြီလ၌
ကျန်းမာရေး အခြေအနေကြောင့် ဗိုလ်ချုပ်မှူးကြီးစောမောင် အနားယူသွားသည့်
အချိန်တွင် အသစ်တက်လာသည့် အစိုးရ လူကြီးများကို အစိုးရသစ် ဖြစ်လာပြီဖြစ်၍
အကြာကြီး အချိန်ဆွဲလုပ်စရာ မလိုဘဲ ကောင်မလေး (ဒေါ်အောင်ဆန်းစုကြည်) နှင့်
ညှိနှိုင်း၍ အဆင်ပြေအောင် လုပ်ဆောင်ကာ ပြန်လည် လွှဲပြောင်းပြီး နောက်ဆုတ်မှသာ
တပ်မတော်သည် သိက္ခာရှိရှိနှင့် နေနိုင်မည် ဖြစ်သည်ဟု ဦးနေ၀င်းက
ပြောကြားခဲ့ကြောင်း မြေးဖြစ်သူ ဦးအေးနေ၀င်းက ပြန်လည် ပြောကြားသည်။
ထို့အပြင် အမှုနှင့် ဆက်စပ်၍လည်း ဖခင်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်
ညီများဖြစ်သည့် ကျော်နေ၀င်း၊ ဇွဲနေ၀င်းတို့မှာ မိမိနှင့်အတူ ထောင်သွင်း
အကျဉ်းချခံခဲ့ရပြီး မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းမှာ နေအိမ်အကျယ်ချုပ်ဖြင့်
နေထိုင်ခဲ့ရကာ အဘိုးဖြစ်သူ ဦးနေ၀င်းမှာမူ တပ်မတော်တွင်းမှ အရာရှိကြီးများ၏
ဝိုင်းဝန်းကန့်ကွက်မှုအရ ညှိနှိုင်း၍ နေအိမ် အကျယ်ချုပ်ဖြင့် မထားဘဲ
သေဆုံးသည့် အချိန်အထိ လွတ်လပ်စွာ နေထိုင်ခွင့် ပေးခဲ့ကြောင်း ဦးအေးနေ၀င်း၏
ပြောကြားချက်များအရ သိရသည်။
''ကျွန်တော်တို့ သားအဖ လေးယောက်ကို
ဖမ်းဆီးပြီးတော့ အမှုတင်တဲ့အခါမှာ အဲဒီတုန်းက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က
ဘယ်လို ပြောသလဲဆိုရင် အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော့်မိခင်နဲ့ ကျွန်တော့်
အဘိုးကိုပါ အိမ်မှာ နေအိမ်အကျယ်ချုပ် ချမယ်ဆိုပြီး အဲဒီလို
ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အဲဒီလိုလုပ်ခဲ့တဲ့ အချိန်မှာတုန်းက ကျွန်တော်
အင်မတန် ထူးခြားတဲ့ကိစ္စပါ။ သိပ်အံ့သြစရာကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။
ဘာသွားတွေ့ရလဲ ဆိုတော့ သူတို့အစိုးရထဲမှာပဲ ကျွန်တော်တို့ အဘိုးကို
နေအိမ်အကျယ်ချုပ် ချမယ့်ကိစ္စထဲမှာ လုံးဝလက်မခံဘူး ဆိုပြီးတော့
တာဝန်ပေးခံရတဲ့ အဲဒီတုန်းက ၀န်ကြီးက ပြောပါတယ်။ သူဒီကိစ္စကို
လက်မှတ်မထိုးနိုင်ဘူး။ လက်မှတ်ထိုးရင် အဖေကြီးကို အကျယ်ချုပ်ချတယ်
ဆိုတဲ့အထဲမှာ တို့လက်မှတ် ပါလို့ရှိရင် ငါသမိုင်းတရားခံ ဖြစ်မယ်ဆိုတဲ့အတွက်
လက်မှတ်မထိုးနိုင်ဘူး ဆိုပြီးတော့ ၀န်ကြီးက လုပ်လိုက်တယ်။ အဲဒီလို
လုပ်လိုက်တဲ့ အခါမှာ အဲဒီစာရွက်က အတွင်းရေးမှူး (၁) ဆီကို ရောက်သွားတဲ့
အခါမှာ အတွင်းရေးမှူး (၁) ကလည်း ဒီကိစ္စကို သူလည်းပဲ မလုပ်နိုင်ဘူး။
သူလည်းပဲ သမိုင်းတရားခံ အဖြစ် မခံနိုင်ဘူးဆိုပြီး လုပ်ပါတယ်။
အဲဒီလိုလုပ်ပြီးတော့ နောက်ဆုံး သူတို့ကို ဒီလိုလုပ်ရမယ်ဆိုပြီး ညွှန်ကြားတဲ့
ထိပ်ဆုံးခေါင်းဆောင်ဆီကို ရောက်သွားပြီး ဘာပြောလဲဆိုတော့
ဗိုလ်ချုပ်လုပ်မယ်ဆိုရင် ဗိုလ်ချုပ်ဘာသာ ဗိုလ်ချုပ် အကျယ်ချုပ် ဆိုတာကို
လက်မှတ်ထိုးပြီးလုပ်ပါ။ ကျွန်တော်တို့ကတော့ အကျယ်ချုပ် ဆိုတဲ့ဟာကို
လုံးဝလက်မှတ် မထိုးနိုင်ဘူး။ ကျွန်တော်တို့ သမိုင်းတရားခံလည်း အဖြစ်မခံ
နိုင်ဘူးဆိုပြီး အဲဒီလို ပြောလိုက်တဲ့ အတွက် နောက်ဆုံးသူတို့ အချင်းချင်း
အပေးအယူ လုပ်တဲ့အခါမှာ ကျွန်တော့် အမေကိုတော့ သူတို့တွေသည် စိုးရိမ်စိတ်
ရှိတဲ့အတွက် နေအိမ်မှာ အကျယ်ချုပ် ဆိုတာမျိုး ထားခဲ့ပေမယ့် ခုနပြောခဲ့တဲ့
တပ်ထဲက လူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဒါတပ်ဆိုတာ အပေါ်ကပြောတဲ့ အမိန့်ကို
တော်ရုံတန်ရုံ ဘယ်သူမှ ပြန်ပြောရဲတာ မဟုတ်ဘူး။ အဲဒီလို အချိန်မှာတောင်
ကျွန်တော်တို့ မိသားစုအပေါ်မှာရှိတဲ့ သံယောဇဉ်နဲ့ သူတို့တွေသည်
ညီညီညွတ်ညွတ်နဲ့ တင်ပြရဲခဲ့တဲ့အတွက် ကျွန်တော်တို့ အဘိုးသည် နောက်ဆုံး
အသက်ထွက် သွားတဲ့အချိန် ထိအောင် သူသည် လွတ်လပ်တဲ့ နိုင်ငံသားတစ်ယောက်
အနေနဲ့ ဘယ်သူ့ရဲ့ အနှောင်အဖွဲ့ အချုပ်အနှောင်ကိုမှ မခံရတဲ့ နိုင်ငံသား
တစ်ယောက်အနေနဲ့ သူအေးအေးဆေးဆေး စိတ်ချမ်းသာသာနဲ့ သူအသက်ထွက်ခွင့်
ရသွားတယ်'' ဟု ဦးအေးနေ၀င်းက ပြောကြားသည်။
ထို့ပြင် ၎င်းတို့မိသားစု
ထိန်းသိမ်းခံရမှုနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူ၏ အမည်အား ထုတ်ဖော်
မပြောကြား လိုကြောင်း၊ သို့သော် ထိုစဉ်အချိန်က ရာထူးအာဏာ အရှိဆုံးနှင့်
တာဝန်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ကြောင်း ဦးအေးနေ၀င်းက The Daily
Eleven သို့ ပြောကြားသည်။
Eleven
No comments:
Post a Comment