ရန်ကုန်တိုင်း ဒေသကြီးအတွင်း အခမဲ့ ရပ်နားနိုင်သည့် ကားပါကင်များ
ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
တာဝန်ရှိသူများက နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ယာဉ်ကြောကျပ်တည်း
နေမှုအား အထိုက်အလျောက် လျော့ကျစေရန်အတွက် ယာဉ်မရပ်ရ သတ်မှတ်ထားသော လမ်း ၃၇
လမ်းတွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို ကရိန်းယာဉ်ဖြင့်
ဖယ်ရှားအရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းကဲ့သို့
ရှင်းလင်းရာတွင် ရပ်ကွက်များရှိ လမ်းကျဉ်းအချို့၌ ယာဉ်ပိတ်ဆု့မှုများ
ယခင်ထက် ပိုမိုဖြစ်ပွား လာမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း
ယာဉ်ရပ်နားနိုင်ရန်အတွက် ကားပါကင်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ၀န်ကြီးဖြစ်သူ
ဦးအောင်ခင်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့အတွင်း ပြုလုပ်ထားသည့်
လူသွားလမ်း ပလက်ဖောင်း စင်္ကြံန်များအနက် ကျယ်ဝန်းသည့် ပလက်ဖောင်းများ၏
အကျယ်အ၀န်းကို လျော့ချကာ ကားပါကင်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်း/တံတား ဌာနမှ ဒုတိယဌာနမှူး
ဦးမျိုးလွင်က နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပြောကြားသည်။
''ရန်ကုန်မြို့ အနှံ့အပြားမှာ ကားပါကင် ပြုလုပ်နိုင်ဖို့ အခြေအနေ
ပေးနိုင်တဲ့ မြေပြင်အနေအထားနဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီးတော့ ကားပါကင်တွေ
ပြုလုပ်သွားမှာပါ။ အဓိကကတော့ တချို့လမ်းဘေး လူသွားလမ်း ပလက်ဖောင်းတွေကို
လမ်းအသုံးပြုလို့ ရနိုင်တဲ့ ငါးပေလောက်ပဲ ထားပြီးတော့ အဲဒီနေရာတွေမှာ
ကားပါကင်တွေ ပြုလုပ်သွားပါမယ်။ ရန်ကုန်မြို့ အတွင်းမှာက ယာဉ်ရပ်နားစခန်း
လုပ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ အရင်တုန်းက ဆိုရင်တော့ ဗိုလ်ချုပ်ဈေးနားက
လေဟာပြင် ယာဉ်ရပ်နားစခန်း ရှိခဲ့တယ်။ အဲဒီနေရာမှာ အခုဆောက်လုပ်ရေး
လုပ်ငန်းတွေ လုပ်ကိုင်နေတယ်။ ကွန်တင်နာနဲ့ ကုန်တင်ကားကြီးတွေရပ်ဖို့
ယာဉ်ရပ်နားစခန်းတွေ ရှိပေမယ့် တက္ကစီယာဉ်တွေ၊ ကိုယ်ပိုင်ယာဉ်တွေနဲ့
အခြားယာဉ်သေးတွေ ရပ်နားဖို့ ယာဉ်ရပ်နားစခန်း တွေမရှိသေးပါဘူး'' ဟု
လမ်း/တံတား ဌာနမှ ဦးမျိုးလွင်က ဆက်လက် ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး
ဝန်ကြီးဦးအောင်ခင်က ''ရန်ကုန်မြို့ အတွင်းမှာ ယာဉ်ရပ်နား နိုင်ဖို့အတွက်
အဆင်ပြေအောင် ကားပါကင်တွေ ထပ်မံပြီးလုပ်ဖို့အတွက် စီစဉ်နေပါပြီ'' ဟု
ပြောကြားသည်။
ယာဉ်မရပ်ရ လမ်းမကြီး ၃၇ လမ်းတွင် စည်းကမ်းမဲ့
ရပ်နားနေသော မော်တော်ယာဉ်များကို ကရိန်းဖြင့် ရှင်းလင်းနေမှု ကို နိုဝင်ဘာ
၁၁ ရက်က စတင်အရေးယူခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်အထိ ယာဉ်အစီးရေ ၆၄ စီးကို
အရေးယူခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး
လင်းထွဋ်က နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပြောကြားသည်။
eleven
No comments:
Post a Comment