Pages

12.11.13

ထိုင်းနဲ့ အငြင်းပွားတဲ့ ဘုရားဝန်းကိစ္စ ကမ္ဘောဒီးယား မျက်နှာသာရ

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ Preah Vihear ဘုရားဝန်းနယ်မြေတစ်ဝိုက်ကို ကုလသမဂ္ဂက ကမ္ဘောဒီးယားနိုင်ငံ ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ နိုင်ငံတကာ တရားခုံရုံးကနေ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်မှာရှိတဲ့ Preah Vihear ဘုရားဝန်းကို ကမ္ဘောဒီးယားနိုင်ငံ ပိုင်ဆိုင်ကြောင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့ပေမယ့် အဲဒီ ဘုရားဝန်းမြေတဝိုက်ကိုတော့ သတ်မှတ်ပေးတာ မလုပ်ခဲ့တဲ့အတွက် အဲဒီ မြေတွေအပေါ် ပိုင်ဆိုင်မှု အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ဒီလို နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာကနေ ပဋိပက္ခတွေဖြစ်ပြီး လူတွေပါ သေဆုံးခဲ့ရပြီးနောက် လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ကုလသမဂ္ဂကို ဖြေရှင်းပေးဖို့ အကူအညီ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အခုအခါ ကုလသမဂ္ဂ တရားရုံးက အဲဒီမြေတွေကို ကမ္ဘောဒီးယားပိုင်ဆိုင်ကြောင်း ဆုံးဖြတ်လိုက်သလို ဘုရားဝန်းနားမှာ တပ်စွဲထားတဲ့ ထိုင်းစစ်တပ်တွေ အားလုံးလည်း တပ်ဆုတ်ပေးဖို့ အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် ထိုင်းပြည်သူတွေ မကျေနပ်မှာကို စိုးရိမ်တဲ့အတွက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝ က ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ တိုက်တွန်းလိုက်ပြီး နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လုပ်ငန်းကိုသာ လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment