ကချင်ပြည်နယ် လိုင်ဇာမြို့မှာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်
ခေါင်းဆောင်များ ညီလာခံလိုမျိုး နောက်ထပ်ညီလာခံ
တစ်ခုကို နိုဝင်ဘာလကုန်ပိုင်းမှာ
ကျင်းပဖို့ရှိပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ
မူဘောင်ကိစ္စတွေကို
ဆွေးနွေးဆုံးဖြတ်ဖို့ရှိတယ်လို့ UNFC အထွေထွေအတွင်းရေးမှူး၂ ဦးခွန်ဥက္ကာ
ကပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ KNU
နယ်မြေမှာ ထပ်မံတွေ့ဆုံဖို့ ဖြစ်လာရတာ ဟာလည်း မြစ်ကြီးနားမှာ
တွေ့ဆုံခဲ့ချိန်က ၀န်ကြီး ဦးအောင်မင်း တို့ကနေပြီး တိုင်းရင်သား
ခေါင်းဆောင်တွေကို ပေးလာတဲ့ အဆိုပြုချက်တွေဟာ ပထမတစ်ကြိမ် ပေးထားတာနဲ့
ကွဲလွဲမှုတွေရှိနေတာကြောင့် ဖြစ်တယ်လို့ ဦးခွန်ဥက္ကာ အခုလို ပြောပါတယ်။
လိုင်ဇာပွဲမှာ ကျနော်တို့ ညီညွတ်ရေး တည်ဆောက်နိုင်တယ်၊ သို့သော်
ဦးအောင်မင်း တို့နဲ့တွေ့တဲ့ မြစ်ကြီးနားပွဲကြတော့ ယုံကြည်မှု
တည်ဆောက်နိုင်တဲ့ အဆင့်ရောက်တယ် သို့သော် သဘောတူချက်တို့ ဘာတို့ အဆင့်ကို
မဆွေးနွေးနိုင်ခဲ့ဘူးပေါ့ ဘာကြောင့်လဲဆိုတော့ ဦးအောင်မင်းတို့ဖက်က
တင်ပြတဲ့ အဆိုပြုချက် တွေက နည်းနည်းလေး ကွဲလွဲနေတယ်၊ လွန်ခဲ့တဲ့ တစ်လက
ကျနော်တို့ကို ပေးထားတဲ့ အဆိုပြုချက်နဲ့ မြစ်ကြီးနားရောက်မှ ဗြုန်းဒိုင်း
ဆိုပြီးတော့ တင်လိုက်တဲ့ အဆိုပြုချက်နှစ်ခုက ကွာဟနေတာ သွားတွေ့ရတယ်၊
နောက်ပြီးတော့ အဆိုပြုချက်တွေရဲ့ သဘောသဘာဝကြည့်တော့လည်း ချက်ချင်းလက်ငင်း
ပြန်လည်ဆွေးနွေးဖို့က မသင့်တော်ဘူး ဒါကြောင့် ကျနော်တို့က ကျနော်တို့ရဲ့
ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့
ညှိနှိုင်းပြီးတော့ ကျနော်တို့ နှစ်ဖက်သဘောတူနိုင်တဲ့ဟာကို ကျနော်တို့လည်း
ပြုစုပါမယ် ဆိုပြီးတော့ အဲ့သလိုပဲ ကတိပေးခဲ့တာ။
KNU
ထိန်းချူပ်နယ်မြေမှာကျင်းပတဲ့ ညီလာခံ ဆုံးဖြတ်ချက်တွေကို ကရင်ပြည်နယ်
ဖားအံမြို့မှာ ကျင်းပမည့် တွေ့ဆုံပွဲမှာ ထပ်မံတင်ပြပြီး သဘောတူကြရင်
တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးကြမှာ ဖြစ်တယ်လို့ ဦးခွန်ဥက္ကာက
ဆက်ပြောပါတယ်။
ကျနော်တို့ စီစဉ်တာက KNU နယ်မြေ ဆွေးနွေးပွဲ
မတိုင်ခင် ကျနော်တို့ရဲ့ ညှိနှိုင်းရေး အဖွဲ့ကနေပြီးတော့
အသေးစိတ်အလုပ်တွေလုပ်မယ် လိုအပ်လို့ရှိရင်တော့ ဦးအောင်မင်း တို့ဖက်က
ညှိနှိုင်းရေးအဖွဲ့တွေနဲ့ တွေ့ပြီးတော့ တိုင်ပင်မယ် အဲ့ဒီ အဆင့်ကတော့
တဆင့် နှစ်ဆင့်တော့ ဒီဇင်ဘာ ပွဲမတိုင်ခင်တော့ လုပ်သွားမှာပေါ့ အဲ့ဒါတွေ
ပြီးတော့မှ လကုန်လောက်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ
ပြန်ဖိတ်ခေါ်ပြီးတော့ နှစ်ဖက်သဘောတူနိုင်တဲ့ အခြေခံ တစ်ရပ်ကို
ဖော်ထုတ်ပြီးတော့ ဖားအံမှာတော့ လက်မှတ်ထိုးပွဲ ဖြစ်နိုင်တာပေါ့
မရောက်သေးဘူးဆိုရင်တော့ ဖားအံမှာ ထပ်ညှိရမည့် အခြေအနေပဲ ဖြစ်မှာပေါ့။
ABC Radio Australia
No comments:
Post a Comment