နိုဝင်ဘာလမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့်
အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်
ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် နိုဝင်ဘာ ၁၂
ရက်က
ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က
လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချရေး ကိစ္စနှင့် ပတ်သက်၍ အရေးကြီး
အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များက အဆိုကို ထောက်ခံကာ
ဓာတ်အားခ တိုးမြှင့်ကောက်ခံမှုအပေါ် ကန့်ကွက်ဆွေးနွေး ခဲ့ကြပြီးနောက်
လွှတ်တော်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုနှင့်
ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး လာရောက်ရှင်းလင်းရာတွင် လျှပ်စစ်ဓာတ်အားခ
နှုန်းထားများ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏
အဆုံးအဖြတ်ကို ရယူဆောင်ရွက်မည်ဟု ပြောကြားသည်။ ထို့နောက်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ပြည်ထောင်စုဝန်ကြီးပိုင်းက
တင်ပြသွားတာက လျှပ်စ မဟာ ဗျူဟာမူဝါဒနဲ့ ပတ်သက်ပြီးတော့ နှစ် ၃၀ အပေါ်
မူတည်ပြီးတော့ ဆွေးနွေးသွားတာ ရှိပါတယ်။ ဒီဆွေးနွေးချက်တွေဟာ
ပြန်သုံးသပ်မယ်ဆိုရင် မိမိတို့နိုင်ငံမှာ ရှိနေတဲ့ လျှပ်စစ်ဥပဒေဟာ
ဒီနေ့ခေတ်ကာလနဲ့ လိုက်လျောညီထွေ ရှိ၊ မရှိ။ ဒီအပေါ် မူတည်ပြီးတော့
လျှပ်စစ်ဥပဒေ ရေးဆွဲပြီးတော့ မူကြမ်းအဖြစ် လွှတ်တော်တစ်ရပ်က တင်ပြထားတာလည်း
ရှိပါတယ်။ နောက်တစ်ခုက နှစ် ၃၀ စီမံကိန်းဆိုတာ လက်တွေ့ဖြစ်နိုင်၊
မဖြစ်နိုင် ဒါလည်းလေ့လာ သုံးသပ်ရမယ့် အကြောင်းကို ၀န်ကြီးကသော် လည်းကောင်း၊
သက်ဆိုင်ရာ ဆွေးနွေးတဲ့ သူကသော် လည်းကောင်း ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက်
နှစ် ၃၀ စီမံကိန်းနဲ့အတူ ဒီနေ့နိုင်ငံမှာ လိုအပ်တဲ့ လျှပ်စစ်များ
ရရှိရေးအတွက် ဘယ်လိုလုပ်မလဲ ဆိုတာကို လက်တွေ့ကျတဲ့ စီမံကိန်း တစ်ခုတော့
ဖြစ်ဖို့လိုပါတယ်" ဟု ဆိုသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက
"ပြီးခဲ့တဲ့ ရက်ကာလ အတွင်းက အရေးကြီး အဆိုအပေါ် သက်ဆိုင်ရာ
ပြည်ထောင်စုအစိုးရ ကိုယ်စား ပြည်ထောင်စုဝန်ကြီးက ဒီအဆိုပေါ် မူတည်ပြီးတော့
လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံခြင်းကို ရပ်ဆိုင်းထားမယ်။
လာမယ့်ဘတ်ဂျက်နှစ် ကျတော့မှ ပြန်လည်သုံးသပ် စိစစ်ပြီးမှ ဆက်လက်ဆောင်ရွက်
ပါမယ်ဆိုတဲ့ တင်ပြချက်ကလည်း ပြည်သူများရဲ့ လိုအပ်ချက်၊ ပြည်သူများရဲ့
ဆန္ဒများကို လေးစားစွာ ဖော်ဆောင်ပေးမှာ ဖြစ်သလို ပြည်ထောင်စု
လွှတ်တော်ကိုလည်း ဒီလိုပဲ တင်ပြတယ်လို့ မိမိအနေနဲ့ မှတ်ယူပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့ဆွေးနွေးတာက အရေးကြီး အဆိုပေါ်မှာ မူတည်ပြီးတော့
သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရက အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်မှာ
လာတင်ပြဖို့ဆိုတဲ့ ကိစ္စမှာ ၀န်ကြီးလာရောက် ရှင်းလင်းတင်ပြပြီး ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အဆိုပါ အတိုင်းပဲ လျှပ်စစ်တိုးမြှင့် ကောက်ခံခြင်းကို
ခေတ္တရပ်ဆိုင်းပြီး လာမယ့်ဘတ်ဂျက်နှစ်မှာ စိစစ်ဆောင်ရွက်မယ် ဆိုတဲ့အပေါ်
မူတည်ပြီးတော့ လွှတ်တော်မှာ မှတ်တမ်းတင် ထားရှိဆောင်ရွက်သွားမှာဖြစ်ကြောင်း
ကြေညာပါတယ်" ဟု ပြောကြားသည်။
လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏
ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ
လျှပ်စစ်ဓာတ်အားခများကို အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀
ယူနစ်အထိအတွက် ယခင်ဈေးနှုန်းအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်၊
အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀
ယူနစ်အထိအတွက် ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ၁၅၀ ကျပ်၊ အစိုးရဌာန
ရုံးသုံးအတွက် တစ်ယူနစ် ၅၀ ကျပ်နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ်
ကျပ် ၁၀၀ ဖြင့် အသီးသီး ပြောင်းလဲကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး
ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment