အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေး ပြည်သူ့ဆန္ဒ သဘောထား
ရယူရေး ဟောပြောပွဲများကို ဒီဇင်ဘာ ၂၁ ရက်ထိ
ဆက်လက်ပြုလုပ်ရန်
ညွှန်ကြားထားကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင်
အဖွဲ့ဝင် ဦးဥာဏ်ဝင်းက The Daily Eleven သို့ ပြောကြားသည်။
မူလက
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြည်သူ့ဆန္ဒ သဘောထား ရယူရေး
ဟောပြောပွဲများကို နိုဝင်ဘာ ၁၀ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
ရပ်ဆိုင်းရန် စီစဉ်ထားသော်လည်း ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသော
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၊ ပြည်သူမျာထံမှ အကြံပြုချက်
ပေးပို့ရမည့် နောက်ဆုံးရက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အစား ဒီဇင်ဘာ ၃၁
ရက်မတိုင်မီ ပေးပို့ရန် ပြောင်းလဲခဲ့သဖြင့် NLD ပါတီမှလည်း ဟောပြောပွဲများ
ဆက်လက် ပြုလုပ်ခြင်း ဖြစ်သည်။
''ကျွန်တော်တို့ အောက်ခြေထိ
နိုင်သလောက်ပေါ့လေ ဆက်ပြီးတော့ ဒီဇင်ဘာလအတွင်း ဆက်လုပ်ပါလို့ ညွှန်ကြားထားပါ
တယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက
ပြောကြားသည်။
ထိုသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့သဘောထား
ရယူရေး ဟောပြောပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် နိုဝင်ဘာ ၁၀
ရက်ထိ ဟောပြောခဲ့မှုမှာ ခရိုင်အဆင့်များဖြစ်ပြီး အချို့နေရာများတွင်
မြို့နယ်အဆင့် ဟောပြောမှုများ ပြုလုပ်ခဲ့ကာ ပထမ ပရောဂျက် အနေဖြင့်
လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ
ဦးကိုနီက ပြောကြားသည်။
''ကျွန်တော်တို့ ဟောပြောမှာလည်းရှိတယ်။
မြို့နယ်တွေကျတော့ ဥပဒေအထောက် အကူပြု အဖွဲ့တွေက အခြားရှေ့နေတွေလည်း
ဟောပြောမှာပါ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်
ပတ်သက်၍ ပြုလုပ်ခဲ့ပြီးသော ဟောပြောပွဲများတွင် ပွဲတက်ရောက်လာသူ
ရာခိုင်နှုန်း ၉၀ ခန့်မှာ ပြင်ဆင်ရေး လမ်းကြောင်းကိုသာ ဆန္ဒပြုကြပြီး
အနည်းစုသာ အသစ်ရေးဆွဲရေးကို ဆန္ဒပြုခဲ့ကြကြောင်း သိရသည်။
ထို့အပြင်
နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းလုံးကျွတ် ဖွဲ့စည်းပုံ
အခြေခံဥပဒေအပေါ် ပြည်သူ့သဘောထား ရယူရေးဟောပွဲသို့ တက်ရောက်သူ ဦးရေ ၂၀၀၀၀
ကျော်ရှိခဲ့ပြီး ရာခိုင်နှုန်း ၉၀ ခန့်မှာ ပြင်ဆင်ရေးကိုသာ ဆန္ဒပြုခဲ့ကြပြီး
NLD ပါတီ၏ သဘာပတိ အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် လူနည်းစုသာ
အသစ်ရေးဆွဲရေးကို ဆန္ဒပြုခဲ့သည်။
ယင်းသို့ ဟောပြောမှုများမှ ရရှိသော
ပြည်သူ့ဆန္ဒ သဘောထားများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ
အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် အချက်များအား ပြည်ထောင်စု
လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့
ကော်မတီအဖွဲ့ဝင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့်
ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဖွဲ့စည်းပုံ
အခြေခံအပေါ် လေ့လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စု
လွှတ်တော်သို့ ကော်မတီအနေဖြင့် မူလက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ
တင်သွင်းရန် အတည်ပြုထားသော်လည်း ယခုအခါ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁
ရက်မတိုင်မီ တင်သွင်းရန် ပြင်ဆင်အတည်ပြု ထားကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment