နိုဝင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံသို့
ရောက်ရှိလာသော
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ရခိုင်ပြည်နယ်
စစ်တွေနှင့် မောင်တောမြို
့များသို့ နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက်ခဲ့သည်ဟု
သိရပြီး ၎င်းတို့၏ ခရီးစဉ်အပေါ် ရခိုင်ပြည်နယ် အတွင်းရှိ မြို့အချို့နှင့်
ပုသိမ်၊ ပဲခူး၊ ပခုက္ကူ၊ ကလေးမြို့များတွင် ပြည်သူ
ထောင်ပေါင်း များစွာက OIC
အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိသည်။
OIC အဖွဲ့သည်
နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာကာ
ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် အတွင်းရှိ အကြမ်းဖက် မီးရှို့မှု
ဖြစ်ပွားခဲ့သော ကျေးရွာများသို့ သွားရောက်ခဲ့ပြီး မြေပုံ၊ ပေါက်တောနှင့်
စစ်တွေမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကာ
ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
စစ်တွေလေယာဉ်ကွင်းရှေ့တွင် နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ ဆိုင်းဘုတ်များ
ကိုင်ဆောင်ပြီး စုဝေးဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး OIC ထွက်သွား၊ OIC အလိုမရှိဟု
ကြွေးကြော်ခဲ့ကြကြောင်းနှင့် ဆန္ဒပြပွဲသို့ သံဃာတော်နှင့် လူအင်အား ၃၀၀၀
ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့တွင် ဆန္ဒထုတ်ဖော်မှုအား
ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးမောင်နုက ''အခုကန့်ကွက်တာက OIC မြန်မာနိုင်ငံကို
မလာဖို့၊ မြန်မာနိုင်ငံမှာ ရုံးဖွင့်ခွင့်မပေးဖို့၊ ရခိုင်ပြည်သူ
တစ်ရပ်လုံးကလည်း အလိုမရှိ ဆိုတာကို ထုတ်ဖော်ပြသတာ ဖြစ်တယ်။ နယ်ချဲ့ဝါဒနဲ့
ပတ်သက်ရင် လုံးဝအလိုမရှိဘူး။ သူ့မှာနိုင်ငံ ဘယ်လောက်ပဲရှိစေ
လုံးဝအလိုမရှိဘူး။ ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး။
ဘင်္ဂါလီတွေပဲ ရှိတယ်'' ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်
ပေါက်တောမြို့တွင် ၁၅ ရက်၌ ဆန္ဒပြရန် ခွင့်ပြုချက် မရသည့်အတွက် လူ ၂၀၀ ခန့်က
အိုအိုင်စီကန့်ကွက်သည့် စာသားများ ရေးသားထားသော စာရွက်များကို
ချိတ်ဆွဲထားသည့် မိုးပျံပူပေါင်းများကို လွှင့်တင်ခဲ့ကြောင်းနှင့်
တောင်ကုတ်မြို့တွင်လည်း ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော် မှုများကြောင့် ရဲများက
တားဆီးပိတ်ပင်ခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့မှ ဒေသခံတစ်ဦးကလည်း ''ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခွင့်
ခွင့်ပြုချက်ရတာက ၁၆ ရက် ဖြစ်နေတာကြောင့် မိုးပျံပူပေါင်းတွေမှာ OIC
ကန့်ကွက်စာတွေ ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်။ မနက်ဖြန်မှာ
ငြိမ်းချမ်းစွာ စီတန်းဆန္ဒ ထုတ်ဖော်သွားဖို့ ရှိပါတယ်'' ဟု ပြောကြားသည်။
OIC အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့နှင့် စစ်တွေလေဆိပ်တွင် ခဏတာတွေ့ဆုံပြီး
မောင်တောမြို့သို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် စစ်တွေ
မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC ကိုယ်စားလှယ်
အဖွဲ့ဝင်များသည် မောင်တောမြို့သို့ နိုဝင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀
တွင် စစ်တွေမှတစ်ဆင့် ရဟတ်ယာဉ် နှစ်စင်းဖြင့် ရောက်ရှိလာရာ
ဒေသခံတိုင်းရင်းသား ၃၀၀ ခန့်က OIC ကို အလိုမရှိကြောင်း ပိုစတာများ
ကိုင်ဆောင်ကာ လမ်းမကြီးတစ်လျှောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း
သိရသည်။ OIC အဖွဲ့သည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ အစ္စလာမ်ဘာသာဝင်
မော်လ၀ီများ အပါအ၀င် ဘင်္ဂါလီ ၃၀ ဦး၊ တိုင်းရင်းသား ၃၀ ဦးတို့နှင့်
တစ်နာရီကြာ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့်
မြို့မိမြို့ဖ ဦးထွန်းအေးသိန်းက ''OIC အဖွဲ့ လာရောက်တဲ့အခါမှာ ပြည်ထောင်စု
ဝန်ကြီးတွေလည်းပါတယ်။ OIC အဖွဲ့ခေါင်းဆောင် ပြောတာကတော့ သူတို့ဟာ ဘာသာရေး၊
လူမျိုးရေးကို အခြေမခံတဲ့အကြောင်း၊ ကူညီမှုသက်သက် ဖြစ်ကြောင်း ပြောတယ်။
ကျွန်တော်တို့ တင်ပြတာကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ
မရှိတဲ့အကြောင်း၊ ရိုဟင်ဂျာလို့ အမည်တပ်လာတာ ဟာလည်း ဒီမှာပြစ်မှု
ကျူးလွန်ပြီး ထွက်ပြေးသွားတဲ့ သူတွေက အမည်သစ်တစ်ခု တပ်လာတာ ဖြစ်ကြောင်းနဲ့
OIC အနေနဲ့ ရိုဟင်ဂျာ အမည်ကို အသုံးမပြုဖို့ ပြောခဲ့ပါတယ်။ နောက်တစ်ချက်က
နိုင်ငံတကာ အကူအညီ ၀င်နေတာ အနှစ်၂၀ လောက်ရှိပြီ ဖြစ်ပေမယ့်
တိုင်းရင်းသားတွေအတွက် ဘာတစ်ခုမှ လုပ်ပေးတာ မရှိဘူး။ အကူအညီလည်း မရဘူး။
ဒါကြောင့် OIC ကူညီဖို့အတွက် ၀င်လာဖို့ မလိုဘူး။ အခုဖြစ်ခဲ့တဲ့ အကြမ်းဖက်တာ
တွေဟာ မောင်တောဒေသမှာ ဘင်္ဂါလီ လူဦးရေ အဆမတန် များလာတာကြောင့် ဖြစ်တာ။
ဒါကြောင့် ကူညီမယ်ဆိုရင် လူဦးရေ ထိန်းချုပ်ဖို့မှာ ကူညီဖို့ ဖြစ်ကြောင်းနဲ့
ကူညီမယ် ဆိုရင်တောင် ညီညီမျှမျှ မကူညီရင် နောက်ထပ် ပြဿနာ ထပ်ဖြစ်လာမှာ
ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်'' ဟု ပြောကြားသည်။
OIC အဖွဲ့၏
မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ကန့်ကွက်မှုများသည် အခြားမြို့ကြီးများ ဖြစ်သည့်
ပုသိမ်၊ ပဲခူးနှင့် ပခုက္ကူ၊ ကလေးမြို့များတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိရပြီး
ရဟန်းရှင်လူ ထောင်ပေါင်းများစွာက ပါဝင်ဆန္ဒ ပြခဲ့ကြသည်ဟု သတင်းရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် သံဃာတော်များနှင့် ပြည်သူများ
စုပေါင်း၍ OIC အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်သည့်အပေါ် ကန့်ကွက်ဆန္ဒ
ထုတ်ဖော်ပွဲကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး
ပုသိမ်၊ မြောင်းမြ၊ ရေကြည်၊ ကျုံပျော်မြို့များနှင့် အနီးဝန်းကျင်ရှိ
ကျေးရွာအုပ်စုများမှ သံဃာတော် အပါး ၃၀၀၀ ကျော်နှင့် ပြည်သူအင်အား ၅၀၀
ကျော်တို့မှ ပုသိမ်မြို့ လယ်တီကျောင်းတိုက်မှ စတင်စုဝေးကာ လှည့်လည်ခဲ့ပြီး
''OIC အလိုမရှိ''၊ ''OIC Get Out'' ၊ ''OIC ကို လက်မခံ'' ၊''OIC ကို
ဖိတ်ခေါ်သူကို ဆန့်ကျင်ကြ'' စသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ OIC ကို
ကန့်ကွက်ကြောင်း လက်ကိုင်စာတမ်းများ ကိုင်ဆောင်လျက် တောင်းဆိုဆန္ဒ
ပြခဲ့ကြောင်း သိရသည်။
''အခုလို ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်က
မြန်မာနိုင်ငံမှာ OIC ရုံး စိုက်တာကို အလိုမရှိဘူး။ မြန်မာ့ပြည်တွင်းရေးကို
OIC မှ မဟုတ်ဘူး။ ဘယ်သူမှ ၀င်ရောက်နှောင့်ယှက်တာကို လက်မခံဘူး။
မြန်မာပြည်ဖွား တိုင်းရင်းသားတွေရဲ့ အရေးကို တိုင်းရင်းသား အချင်းချင်းပဲ
ဖြေရှင်းမယ်။ ပြီးတော့ ကိုယ့်အမျိုး ကိုယ်ဘာသာကို ထိန်းသိမ်းဖို့ဆိုတဲ့ ရည်
ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ'' ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ
ကိုအောင်အောင်သန်းထိုက်က ပြောကြားသည်။
ပဲခူးမြို့တွင် နိုဝင်ဘာ ၁၅
ရက် မွန်းလွဲ ၁ နာရီခန့်မှစ၍ OIC ခရီးစဉ်နှင့် ပတ်သက်၍ သံဃာတော်အပါး ၁၀၀၀
ခန့်မှ ကန့်ကွက်သည့် အနေဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုအား ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် ရန်ကုန်- မန္တလေး
ကားလမ်းမမှ စတင်ပြီး ပဲခူးမြို့ တောင်ဘက်အထွက် ပင်စီလမ်းဆုံအထိ
ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင်
ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့တွင် ပရိယတ္တိ
စာသင်တိုက်များမှ သံဃာတော်များသည် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် OIC
ရုံး ဖွင့်လှစ်ခြင်းအား ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့ပေါ် စာသင်တိုက် အသီးသီးမှ သံဃာတော်များသည် အစ္စလာမ်ပူးပေါင်း
ဆောင်ရွက်ရေးအဖွဲ့ အလိုမရှိ၊ မြန်မာနိုင်ငံတွင် OIC အလံ အစိုက်မခံနိုင်ပါ၊
ဗုဒ္ဒဘာသာ၊ လူမျိုး၊ နိုင်ငံ ကာကွယ်စောင့်ရှောင့်ကြ၊ OIC ထွက်သွား အစရှိသည့်
ဆိုင်းဘုတ်များ ကိုင်ဆောင်၍ OIC ထွက်သွား၊ ဘင်္ဂါလီများကို
တိုင်းရင်းသားအဖြစ် လက်မခံ၊ ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်မခံ၊ ၁၉၈၂
နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ကာကွယ်ကြ၊ ဘင်္ဂါလီ မွတ်စလင်များ
မြန်မာနိုင်ငံမှ ထွက်သွား အစရှိသည့် ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်
ခဲ့ကြပြီး အမှတ် (၁) ရပ်ကွက် ၊ ဖောင်တော်ဦးဘုရား ပရိဝုဏ်အတွင်း စုရုံး၍ OIC
ကန့်ကွက်ပွဲ အခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရသည်။
''OIC
ရုံးဖွင့်မယ့် ကိစ္စကို ဦးဇင်းတို့က အမြဲကန့်ကွက်ခဲ့တယ်။ အခုလည်း ထပ်ပြီး
ကန့်ကွက်တယ်။ အမျိုးဘာသာ၊ သာသနာကို ထိခိုက်စေတဲ့ ပြည်ပအဖွဲ့အစည်း တွေကိုပဲ
ကန့်ကွက်သွားမှာ မဟုတ်ဘူး။ ပြည်တွင်းကနေ ထောက်ပံမှုတွေ လုပ်နေတဲ့
တခြားအဖွဲ့အစည်း တွေကို သံဃာထုကနေ ကန့်ကွက်ဆန္ဒ ထုတ်ဖော်သွားမယ်'' ဟု
ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်မှ ဦးဝိဇယက မိန့်ကြားသည်။
အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အား ဆန့်ကျင် ဆန္ဒပြမှုကို
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင်လည်း နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၂
နာရီခန့်က ကျင်းပခဲ့သည်ဟု သိရသည်။
''OIC မြန်မာနိုင်ငံ
လာရောက်တာကို ကန့်ကွက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရုံးဖွင့်ခွင့်
တောင်းထားတာ ရှိတယ်။ မြန်မာနိုင်ငံတွင်း ဘယ်နေရာမှာမှ ရုံးခန်းမဖွင့်
စေချင်ဘူး'' ဟု အဆိုပါပွဲကို ဦးဆောင်ခဲ့သူ ဦးဇေယျာက ပြောကြားသည်။
ကလေးမြို့တွင် ပြုလုပ်ခဲ့သည့် OIC ဆန့်ကျင် ဆန္ဒပြပွဲကို ရဟန်းရှင်လူ ၄၀၀ ခန့် ပါဝင်ခဲ့ကြကြောင်း သိရသည်။
Eleven(ဓာတ်ပုံ-သန်းလှိုင်))
No comments:
Post a Comment