၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အစတွင် လျှပ်စစ်
ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ကောက်ခံရေး စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၄ ရက်
နေ့စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
နိုင်ငံတော်သမ္မတ သ၀ဏ်လွှာတွင် ''လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ခြင်းကို
၂၀၁၃ ဘဏ္ဍာရေးနှစ်အကုန် ၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် အစသို့
ပြောင်းလဲကောက်ခံသွားရန် စီစဉ်ထားရှိမှု အတွက် လွှတ်တော်၏ အဆုံးအဖြတ်
ရယူဆောင်ရွက် သွားလိုကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ တင်ပြမှုအပေါ် လွှတ်တော်က
မှတ်တမ်းတင် ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားအား
တိုးမြှင့်ကောက်ခံရန် စီစဉ်ဆောင်ရွက် ရခြင်းသည် နိုင်ငံတစ်ဝန်းတွင်
နေထိုင်ကြသော ပြည်သူအများ မျှမျှတတ ခံစားခွင့်ရရှိရန်နှင့် နိုင်ငံ့စီးပွား
ဖွံ့ဖြိုးတိုးတက်ရန် တို့အတွက် ရေရှည်စီမံချက်ဖြင့် သုံးသပ်ဆောင်ရွက်ခြင်း
ဖြစ်ပါသဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အစတွင် တိုးမြှင့်ကောက်ခံရေး
စတင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့ လာမည့်ဘဏ္ဍာနှစ်တွင်
လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရန် ဆောင်ရွက်မည့်ကိစ္စနှင့် ပတ်သက်၍
ပြည်သူလူထု၏ ဆန္ဒရယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူတို့၏
ကိုယ်စားလွှတ်တော်က ဓာတ်အားခ တိုးမြှင့်ခြင်းကို ကန့်ကွက်ခဲ့ခြင်းမှာလည်း
အုပ်ချုပ်ရေးကို ၀င်ရောက် စွက်ဖက်ခြင်း မဟုတ်ကြောင်း၊ ပြည်သူသည်
အစိုးရအတွက် မဟုတ်ဘဲ အစိုးရသည် ပြည်သူ့အတွက်သာ ဖြစ်သင့်ကြောင်း၊ ဒီမိုကရေစီ
ခေတ်တွင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူအား
မည်သည့်အရာမှ ဆောင်ရွက် မပေးရသေးမီ ပြည်သူ့ထံမှ အတင်းရယူမည် ဆိုပါက
လွှတ်တော်မှလည်း လက်ခံမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်
ကိုယ်စားလှယ်များက ပြောကြားသည်။
''လွှတ်တော်က ဘာပြောထားလဲဆိုတော့
ဒါကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အစမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့
ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို တင်ပြပေးပါ။ အခုသမ္မတပို့တဲ့ သ၀ဏ်လွှာအရ
၂၀၁၄-၁၅ ဘဏ္ဍာနှစ် အစမှာ တိုးမြှင့်ကောက်ခံမယ် ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်။
လွှတ်တော်ကို ပြန်တင်ပြဖို့ မလိုတော့ဘူး ဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်တော့်
အမြင်ကတော့ လွဲနေတယ်။ ဒီကိစ္စကို နောက်လွှတ်တော်မှာ ထပ်ဆွေးနွေးသွားမှာပါ''
ဟု လျှပ်စစ်ဓာတ်အားခ နှုန်းထားများ လျှော့ချရေး အရေးကြီးအဆို တင်သွင်းခဲ့သူ
မလှိုင်မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ဆိုသည်။
''၀န်ဆောင်မှု လုပ်ငန်းဆိုတာ ပြည်သူကို ၀န်ဆောင်မှုပေးဖို့
လုပ်ရမှာပဲဖြစ်တယ်။ ပြည်သူကို ဗဟိုပြု လုပ်ဆောင်တာ စေတနာ မပါတော့ အခုဟာက
အစိုးရအတွက်ကို ပြည်သူက လုပ်ပေးရသလို ဖြစ်နေတယ်။ တကယ်တမ်း အစိုးရဟာ
ပြည်သူအတွက်ပဲ ဖြစ်တယ်။ ပြည်သူတွေ ရေရှည်အကျိုးအတွက် စီမံကိန်းချပြီး
အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ တင်ပြသင့်တယ်။ နောက်တစ်ပိုင်းက ဒီဘက်က
တင်ပြတဲ့ဟာကို အလေးမထားဘူး။ အခုဟာကရှုံးတယ်။ ရှုံးလို့ တိုးကောက်တယ် ဆိုတာက
ပြည်သူ့ဆန္ဒကို အလေးမထားဘူး ဆိုတဲ့ သဘောရောက်နေတယ်။ နိုင်ငံတကာမှာလည်း
ဘယ်အစိုးရပဲဖြစ်ဖြစ် ကောင်းမွန်သော အစိုးရ သန့်ရှင်းသော အုပ်ချုပ်ရေး
လုပ်မယ်ဆိုရင် အရှုံးခံပြီးတော့ လုပ်ရမှာတွေရှိတယ်။ လျှပ်စစ်တို့လိုမျိုး၊
သယ်ယူပို့ဆောင် ရေးတို့လိုမျိုး။ ဒီကိစ္စမှာ အကြောင်းပြချက် မခိုင်လုံဘူး။
ပြီးတော့ ပြည်သူကို ဗဟိုပြု လုပ်ဆောင်တဲ့ စိတ်ဓာတ် မရှိဘူးဆိုတာ အစိုးရက
ထင်ဟပ်ပြလိုက်တာပါပဲ'' ဟု ပြည်သူ၏ ဆန္ဒရယူခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အားခ
တိုးမြှင့်ကောက်ခံမည့် သ၀ဏ်လွှာအပေါ် ဥတ္တရသီရိ မဲဆန္ဒနယ် လွှတ်တော်
ကိုယ်စားလှယ် ဦးမင်းသူက ဝေဖန်ပြောကြားသည်။
ထို့အတူ အလုံမဲဆန္ဒနယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း ''အုပ်ချုပ်ရေးက
သူ့ရဲ့ ဆောင်ရွက်ရမယ့် ကဏ္ဍတွေ ရှိပါတယ်။ ဈေးနှုန်းတက်တဲ့ ကိစ္စတွေက သူတို့ရဲ့
ကိစ္စဖြစ်တယ်။ လွှတ်တော်က ဘာမှပြောစရာ မရှိဘူး။ သို့သော် လွှတ်တော်က
ပြည်သူ့ရဲ့ အကျိုးကို ဦးထိပ်ထားတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ ဖြစ်တယ်။
ပြည်သူက မကျေနပ်ဘူးဆိုတဲ့ ကိစ္စကို လွှတ်တော်က အစိုးရလုပ်တာတွေကို
ကျေနပ်ပါတယ်လို့ နေရမယ့်လွှတ်တော် မဟုတ်ဘူး။ လွှတ်တော်က ဝေဖန်ပေးမယ်။
မသင့်ဘူးဆိုတာ ပြောရမယ်။ မလုပ်သင့်ရင် မလုပ်သင့်ဘူးဆိုတာ ပြောရမယ်။
သူတို့လုပ်တာကို အတင်းကာဆီးပြီးတော့မှ မြေပြင်မှာ သွားပြီးလုပ်တာမျိုး
မရှိပါဘူး။ သူတို့ဆောင်ရွက်တဲ့ အုပ်ချုပ်ရေးကဏ္ဍ အ၀န်းအ၀ိုင်းထဲကို
သွားပြီးတော့မှ ပြောတာ မဟုတ်ဘူး။
လွှတ်တော်ကနေ ပြောသင့်ပြောထိုက်တာတွေ
ပြောနေတာဖြစ်တယ်။ အဲဒီတော့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်သည် လွှတ်တော်ရဲ့
တာဝန်အတိုင်းသာ လုပ်ဆောင်သွားတာ ဖြစ်တယ်။ ပြည်သူကို အလေးထားခြင်း မထားခြင်း
ဆိုတာက ပြည်သူ့အသံက ဘယ်လိုရှိလဲ။ ပြည်သူတွေက မလုပ်သင့်ဘူးလို့
ယူဆပြီးတော့မှ မလုပ်ပါနဲ့လို့ တောင်းဆိုတဲ့ အတွက် မြစ်ဆုံကိစ္စ ရပ်သွားခဲ့တာ
ဒါကိုနားလည်ရမှာ ဖြစ်တယ်။ အဲဒီလိုမျိုးပဲ ပြည်သူလက်မခံတဲ့ ကိစ္စမျိုးတွေကို
စဉ်းစားရမှာ ဖြစ်တယ်။ အခုဟာက ထမင်းရည်ပူ လျှာလွှဲသဘောမျိုး
လုပ်ငန်းရှင်တွေကို သွားပြောတယ်။ ပြီးတော့ ပြည်သူက မပြောပါဘူးလို့ ပြောတယ်။
ဒါဆိုရင် ပြည်လုံးကျွတ် ဆန္ဒခံယူပြီးတော့မှ လျှပ်စစ်ဓာတ်အားခတိုးသင့်
မတိုးသင့် လုပ်ချင်လုပ်လိုက်ပါ။ ဒါကို တစ်နိုင်ငံလုံးက ထောက်ခံတယ်
ဆိုရင်တော့ လုပ်လိုက်ပါ။ တစ်နိုင်ငံလုံးရဲ့ အသံကို ဘယ်လိုယူသလဲ။
ဘယ်လိုဆုံးဖြတ်လဲ။ ငါတို့ကတော့ ဆက်လုပ်မှာပဲဆိုတဲ့ ကိစ္စက ဒါအန္တရာယ်
ကြီးပါတယ်။ ပြည်သူတွေကို စိန်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့
စိုးရိမ်ပါတယ်။ ပြည်သူတွေကို အတိုက်အခံ မလုပ်ပါနဲ့လို့ ဒီလိုပဲ
ပြောချင်ပါတယ်'' ဟု ပြောကြားသည်။
မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးအေးမောက် တင်သွင်းသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ
ပြန်လည် လျော့ချရေးဆိုင်ရာ အရေးကြီး အဆိုနှင့် ပတ်သက်၍ နိုဝင်ဘာလမှစ၍
လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းပြီး
လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဆက်လက်
ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက နိုဝင်ဘာ ၁၂ ရက်တွင်
ဆုံးဖြတ်ခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင်ကတည်းက
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့
လျပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို စာချုပ်ချုပ်ဆို
လုပ်ကိုင်ခွင့် ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အား လုပ်ကိုင်ခွင့်
ပေးခဲ့သည်။
ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးရာတွင်လည်း
မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့်
ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊
ဆန်စပါး လုပ်ငန်းဖြင့် အကျိုးအမြတ် ရရှိနေသည့် ဦးချစ်ခိုင်၏
ဧဒင်စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊
လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါက်တာကိုကိုကြီး၏
Capital Development Ltd ကျောက်မျက်တွင်းထွက် လုပ်ငန်းဖြင့် ကြွယ်ဝလာသည့်
Ruby Dragon ကုမ္ပဏီ အပါအ၀င် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀
ကျော်တည်းမှ ရယူထားခဲ့ကြသည်။
လျှပ်စစ်ဓာတ်အားခအား တိုးမြှင့်ရခြင်းမှာ
နိုင်ငံတော် ရှုံးသည့်အတွက်ဟု ဆိုနေသော်လည်း အဆိုပါ အရှုံးကို
စိုက်ထုတ်နိုင်မည့် အခွန်ငွေ ရရှိသင့်သည့် နေရာမှ ရရှိအောင်
ကောက်ခံရမည်ကိုမူ ကောက်ယူခြင်း မရှိကြောင်း၊ အထူးသဖြင့်
ကျပ်သန်းပေါင်းများစွာ ၀င်ငွေရှိသော ဆောက်လုပ်ရေး ကုမ္ပဏီများကို တိကျစွာ
အခွန်ကောက်ခံခြင်း မရှိသေးကြောင်းလည်း သိရသည်။
Eleven
No comments:
Post a Comment