တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ယင်းအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့်
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အပါအ၀င်
နိုင်ငံရေး အင်အားစုများ ထိုင်းနိုင်ငံရှိ
လူမှုအဖွဲ့အစည်းများနှင့်
ပြည်တွင်းရှိ နိုင်ငံရေး ပါတီများ တွေ့ဆုံနိုင်ရေးအတွက် နိုင်ငံရေးပါတီ ၁၂
ခုအား ဖိတ်ကြားထားရာ ပါတီ ၁၁ ခုမှ လိုက်ပါမည့် လူစာရင်း ပေးပို့ထားသည်ဟု
Myanmar Peace Center မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရီးစဉ်သို့ လိုက်ပါမည့် နိုင်ငံရေး
ပါတီစာရင်းများမှာ ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ) အမျိုးသား ဒီမိုကရေစီ
အင်အားစုပါတီ၊ ဒေါ်သန်းသန်းနု (အတွင်းရေးမှူး-ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊
ဦးမျိုးညွန့် (အတွင်းရေးမှူး) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊
ဦးစိုင်းအိုက်ပေါင်း (ဥက္ကဋ္ဌ) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊
ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး) ရန်ကုန်တိုင်း၊
ဦးစောထွန်းအောင်မြင့် (ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး) ရန်ကုန်တိုင်း၊
ဦးနိုထန်ခပ် (ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး) စစ်ကိုင်းတိုင်း၊
ဦးဇိုဇမ် (ဥက္ကဋ္ဌ) ချင်းအမျိုးသားပါတီ၊ ဦးစိုင်းညွန့်လွင် (အတွင်းရေးမှူး)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊
ဦးနေမျိုးဝေ(မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)
ဒေါ်နန်းခင်ထွေးမြင့် (စီအီးစီ) အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်တို့ဖြစ်ကြောင်း သိရသည်။
လူစာရင်းပေးရန် ကျန်ရှိသော
နိုင်ငံရေး ပါတီတစ်ခုနှင့် ပတ်သက်ပြီး Myanmar Peace Center သို့
ဆက်သွယ်မေးမြန်းရာ "လောလောဆယ် နာမည်စာရင်း မရသေးလို့ မပြောချင်သေးပါဘူး။ ၁၁
ပါတီကတော့ ဟုတ်ပါတယ်။ နောက်တစ်ပါတီ ရှိသေးတယ်။ လူစာရင်း ရတာနဲ့
ပြောပေးပါမယ်" ဟု Myanmar Peace Center မှ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၁၉
ရက်က ပြောကြားသည်။
ထိုင်းနိုင်ငံသို့ လိုက်ပါရန် ဖိတ်ကြားထားသည့်
နိုင်ငံရေးပါတီများ စာရင်းတွင် လက်ရှိအာဏာရ ပါတီဖြစ်သော ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီလည်း ပါဝင်ကြောင်း သိရသည်။
နိုင်ငံရေး ပါတီများ၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
"အဓိကကတော့ ကျွန်တော်တို့ နိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးတွေ
လုပ်ကြတော့မယ်။ လက်နက်ကိုင် အင်အားစုတွေကလည်း အရေးကြီးတဲ့ ဒိုင်ယာလော့
ပါတနာတွေပေါ့ဗျာ။၊ ဒီဘက်မှာရှိတဲ့ နိုင်ငံရေး ပါတီတွေကလည်း ဒိုင်ယာလော့
ပါတနာတွေပဲ။ ဆိုတော့ ဒီလိုဒိုင်ယာလော့ ပါတနာဖြစ်မယ့်သူ အချင်းချင်း
တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ သိဖို့ ရင်းနှီးဖို့။ တစ်ယောက်ရဲ့
အခက်အခဲကို တစ်ယောက်သိဖို့။ နိုင်ငံကြီး တစ်ခုလုံး အပြောင်းအလဲအတွက်
ဘယ်လိုဆက်ပြီးတော့ ရှေ့ကိုဆောင်ရွက် သွားနိုင်မလဲဆိုတဲ့ စဉ်းစားချက်တွေ
ရင်းနှီးမှုတွေ ရအောင်လို့ သွားလုပ်တဲ့ သဘောပါ" ဟု Myanmar Peace Center မှ
ဦးအောင်နိုင်ဦးက နိုင်ငံရေး ပါတီများ၏ ထိုင်းခရီးစဉ်နှင့် ပတ်သက်ပြီး
ပြောကြားထားသည်။
အဆိုပါ ခရီးစဉ်အား သွားရောက်ရန် နိုဝင်ဘာ ၁၀ ရက်က
ရန်ကုန်မြို့၌ ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေး
ပါတီများ တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက နိုင်ငံရေး
ပါတီများကို ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး ပါတီများ အနေဖြင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်
အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် မည်သည့်အကြောင်းအရာကို ကန့်သက်ချက်မရှိ
ဆွေးနွေးနိုင်ကြောင်း ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment